မြန်မာအစိုးရ လူ့အခွင့်အရေး အလေးထားဖို့ ဝန်ကြီး Kerry တိုက်တွန်းမည်

မြန်မာနိုင်ငံမှာ ဒီသီတင်းပတ်ကုန် ကျင်းပမယ့် အာဆီယံလုံခြုံရေး ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်မယ့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ဖိအားပေး ပြောဆိုမှာဖြစ်ပါတယ်။

အပြောင်းအလဲတွေ လုပ်ဆောင်နေတာတွေကို အမေရိကန်ပြည်ထောင်စုက အားပေးသွားမှာ ဖြစ်ပေမဲ့ ပြင်ဆင်ဖို့ လိုအပ်နေတာတွေကိုလည်း ပြောဆိုသွားမှာဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံက အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲ ARF ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry တက်ရောက်ရင်း မြန်မာနိုင်ငံက ပြုပြင်ဖို့ လိုအပ်နေဆဲ ကိစ္စတွေကို ဖိအားပေး ပြောဆိုမှာ ဖြစ်ပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်လာတဲ့အပေါ် အမေရိကန်ပြည်ထောင်စုက အားပေးပေမဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေတာကိုလည်း ထောက်ပြမှာဖြစ်တယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ပြောဆိုခဲ့တာပါ။

“အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူတာ အပါအဝင် အခုအချိန်အထိ မြန်မာနိုင်ငံ ဆောင်ရွက်ခဲ့သမျှ တိုးတက်မှုတွေအပေါ် ဝန်ကြီး Kerry အနေနဲ့ လေးစားတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ လုပ်စရာတွေတပုံကြီး ကျန်သေးတယ် ဆိုတာကိုလည်း သူ့အနေနဲ့ အပြည့်အ၀ သဘောပေါက်ပါတယ်။”

အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေတာဟာ မြန်မာနိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်မယ်လို့လည်း လက်ထောက်ဝန်ကြီး Russel က ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲတွေမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ ကြိုးစားနေတာ တွေ့ရပေမဲ့ မအောင်မြင်သေးတဲ့ လက္ခဏာတွေကိုလည်း တွေ့ရတယ်လို့ တနင်္လာနေ့က ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

“ကာလကြာရှည် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ လူသားချင်း စာနာထောက်ထားရမယ့် အကျပ်အတည်းတွေ၊ လူနည်းစုတွေ၊ ဘာသာရေး ကွဲပြားမှုအပေါ် လက်မခံနိုင်တာတွေကြောင့် ဖြစ်ပွားနေတဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေ၊ ဒါတွေကို ဟန့်တားနိုင်ဖို့ အစိုးရကတော့ ကြိုးပမ်းနေပါတယ်။ ဒီလိုပဲ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အကြီးအကျယ် မေးခွန်းထုတ်နေတာတွေကိုလည်း ဖြေရှင်းနိုင်ဖို့ ကြိုးစားနေရတာပါ။”

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းရာမှာ အမေရိကန်အနေနဲ့ ဝိုင်းဝန်းကူညီဖို့ အသင့်ရှိနေတဲ့အကြောင်းလည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel က ပြောဆိုခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ် မတိုင်မီမှာပဲ အမေရိကန် အောက်လွှတ်တော်အမတ် ၇၂ ယောက်ဟာလည်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိသေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို ဖိအားပေးဖို့ တိုက်တွန်းစာတစောင် ပေးပို့ခဲ့ကြပါတယ်။

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံတဲ့ သွေးထွက်သံယို ပဋိပက္ခတွေ၊ မကြာသေးခင်တုန်းက သတင်းမီဒီယာသမားတွေကို အရေးယူ၊ ထောင်ချတာတွေလို တိုးတက်မှုတွေ နောက်ပြန်ဆုတ်နေတဲ့ အခြေအနေမျိုးတွေကိုလည်း ဥပဒေပြုအမတ်တွေက ထောက်ပြခဲ့ကြတာပါ။ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Russel ကတော့ ဝန်ကြီး Kerry အနေနဲ့ မြန်မာအစိုးရရဲ့ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ဒီကိစ္စတွေကို ပြောဆိုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

“မြန်မာပြည်သူ တရပ်လုံးရဲ့ အခွင့်အရေးတွေကို လေးစား၊ အကာအကွယ်ပေးဖို့၊ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ဝန်ကြီး Kerry အနေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေကို ဖိအားပေးမယ်လို့ မျှော်လင့်ထားပါတယ်။”

ဝန်ကြီး Kerry ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ နောက်ကြောင်းပြန်လှည့်မယ့် အခြေအနေတွေ ပေါ်ပေါက်နေတာတွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေကို သတိပေးဖို့လည်း လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့အစည်းတွေက တိုက်တွန်းနေကြတာပါ။ အမေရိကန် ပြည်ထောင်စု နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အကဲခတ်အဖွဲ့ Human Rights Watch ကလည်း တိုးတက်ဖြစ်ထွန်းမှုတွေ ရပ်တန့်နေပြီး၊ နောက်ပြန်ဆုတ်တဲ့ လုပ်ရပ်တွေတောင် တွေ့မြင်နေရတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ပွင့်ပွင့်လင်းလင်း ထောက်ပြဖို့ လိုအပ်တယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။