မြန်မာ့အရေးလမ်းပြမြေပုံအရ လုံခြုံရေးကောင်စီ ကိုင်တွယ်ဆောင်ရွက်မည်

ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်နေတဲ့ မတ်လ အတွက် အလှည့်ကျလုံခြုံရေးကောင်စီဥက္ကဌ ပြင်သစ်သံအမတ်ကြီး François Delattre နဲ့ ဧပြီလမှာ အလှည့်ကျမယ့် လုံခြုံရေးကောင်စီဥက္ကဌ ဂျာမနီသံအမတ်ကြီး Christoph Heusgen

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအပေါ် ဒဏ်ခတ်အရေးယူဖို့ အစီအစဉ်မရှိသေးပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အလွန်အရေးကြီးကြောင်း ဧပြီလမှာ ကောင်စီအလှည့်ကျ ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ဂျာမနီ သံအမတ်ကြီး Christoph Heusgen က ပြောကြားခဲ့ပါတယ်။ အလားတူ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ မြန်မာ့အရေး လမ်းပြမြေပုံ အတိုင်း လိုက်နာအကောင်အထည်ဖေါ်ဖို့ မြန်မာအစိုးရကို ဖိအားပေးသွားမှာဖြစ်တယ်လို့ လက်ရှိ အလှည့်ကျ လုံခြုံရေးကောင်စီဥက္ကဌ ပြင်သစ်သံအမတ်ကြီး François Delattre ကလည်း ပြောကြားခဲ့ပါတယ်။

မတ်လ (၁)ရက်နေ့က ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ သူတို့နှစ်ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့အရေး လုံခြုံရေးကောင်စီကနေ ကိုင်တွယ်ဆောင်ရွက်မယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ ပြောကြားချက်တွေကို မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ မတ်လအတွက် လုံခြုံရေးကောင်စီဥက္ကဌအဖြစ် အလှည့်ကျတဲ့ ပြင်သစ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး Francois Delattre က လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လမ်းပြ မြေပုံပါအချက်တွေ အတိုင်း အကောင်အထည်ဖေါ်သွားဖို့ ရှိတယ်လို့ သတင်းထောက်တွေကို စကားပြန်ကနေ တဆင့် အခုလို ပြောပါတယ်။

"ကျနော် အသေအချာပြောနိုင်တာက ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၆)ရက် ပြင်သစ်အနေနဲ့ ကောင်စီရဲ့အလှည့်ကျ ဥက္ကဌ အဖြစ်ဆောင်ရွက်နေချိန်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အရေးပါတဲ့ လုံခြုံရေးကောင်စီဥက္ကဌရဲ့ ကြေညာချက်ကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ Road Map လမ်းပြမြေပုံနဲ့ ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် သုံးခုပဲဖြစ်ပါတယ်။ လူသားချင်းစာနာမှုအကူအညီပေးရေး ကိစ္စ၊ ဒုတိယအချက်က ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဖြစ်နိင်ခြေ နည်းလမ်းတွေ ဖမ်းတီးပေးနိုင်ဖို့ ကိစ္စမှာ ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးထားတဲ့အခြေအနေတွေ ရပ်ဆိုင်းဖို့အခြေအနေ ဖြစ်မလာသေးပါဘူး။ တတိယအချက်ကတော့ ကိုဖီအာနန်ကော်မရှင် အကြံပေးချက်တွေအတိုင်း လိုက်နာ အကောင်အထည်ဖေါ်ဖို့ ဖြစ်ပါတယ်။"

ပြင်သစ်အနေနဲ့ အဲဒီအချိန်က အလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ကာလအတွင်း လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို ဦးဆောင်ခဲ့သလို၊ နိုင်ငံသားဖြစ်ခွင့်ပေးရေး မြန်မာအစိုးရဘက်က အကောင်အထည်ဖေါ်ဆောင်ရွက်ဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေး အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ အခြေအနေနဲ့ ဝေးကွာနေဆဲဖြစ်တယ်လို့ ပြင်သစ်သံအမတ်ကြီးက ဝန်ခံပြောကြားခဲ့ပါတယ်။

"အဲဒီမှာ အခြေအနေတွေ ပြောင်းလဲတိုးတက်မှုဟာ အလွန်နှေးကွေးနေပြီး ကျနော်တို့ချမှတ်ထားတဲ့ အချက်အလက်တွေအတိုင်းဆို အလွန်ဝေးကွာနေဆဲရှိနေပါတယ်။ လက်တွေ့အကောင်အထည်ဖေါ် ကြိုးပမ်းဆောင်ရွက်ဖို့ ဖိအားပေးဖို့ လိုအပ်နေပါတယ်။ ကတိပေး၊ သဘောတူညီထားချက်တွေကို လိုက်နာအကောင်အထည်ဖေါ်ဖို့ မြန်မာအစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဖိအားပေးဖို့ လိုအပ်ပါတယ်။"

ဧပြီလမှာ လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဌဖြစ်လာမယ့် ဂျာမနီနိုင်ငံ သံအမတ်ကြီး Christoph Heusgen ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ မြန်မာတာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အလွန်အရေးကြီးကြောင်း ဒါမှသာ နောက်ထပ်ပြစ်မှုကျူးလွန်မှုတွေ မဖြစ်ပေါ်အောင် တားဆီးကာကွယ်နိုင်မှာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

"ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးနေတာတွေကို ရပ်တန့်အောင် တာဝန်ခံမှု၊ တာဝန်ယူမှု ဖြစ်လာဖို့ ကိစ္စ အလွန်အရေးကြီးကြောင်း ဒီနေရာမှာ ကျနော် အလေးအနက်ပြောချင်ပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတဲ့ အခြေအနေတွေအတွက်၊ နောက် ဒါမျိုး နောက်ထပ်ဖြစ်မပေါ်အောင် ကာကွယ်ဖို့ အတွက် တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးရမှာဖြစ်ပါတယ်။"

ဒါပေမယ့်လည်း လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအပေါ် ဒဏ်ခတ်အရေးယူရေး အစီအစဉ်တော့ မရှိသေးကြောင်း ဂျာမနီသံအမတ်ကြီးက အခုလိုဆက်ပြောပါတယ်။

"လက်ရှိအဆင့်မှာတော့ မြန်မာနဲ့ပတ်သက်လို့ ဒဏ်ခတ်အရေးယူမလားဆိုတဲ့ မေးခွန်းအတွက် လုံခြုံရေးကောင်စီရဲ့ အစီအစဉ်မှာ မရှိသေးပါဘူး။ ဒဏ်ခတ်အရေးယူရေး ဆုံးဖြတ်ချက်မှတ်ချင်တယ်ဆိုရင် ထောက်ခံမဲအရေအတွက်အလုံအလောက်ရှိဖို့ လိုအပ်ပါတယ်။ နောက်ပြီး အကောင်အထည်ဖေါ်ဆောင်ရွက်နေတာတွေကိုလည်း ကြည့်ရမှာဖြစ်ပါတယ်။ နောက်ပြီး ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဘာတွေဆောင်ရွက်သင့်သလဲဆိုတဲ့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က အကြံပြုထားတဲ့အချက်တွေ၊ လက်တွေ့ဆောင်ရွက်ချက် တွေကို လုံခြုံရေးကောင်စီအနေနဲ့ စောင့်ကြည့် နားထောင်ဖို့လိုပါတယ်။"

လက်ရှိ လုံခြုံရေးကောင်စီဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ပြင်သစ်သံအမတ်ကြီးကတော့ ဒဏ်ခတ်ပိတ်ဆို့ရေးကို ဖိအားပေးတဲ့အနေနဲ့ မဖြစ်မနေသုံးရမယ်ဆိုရင်တော့ အသုံးပြုမှာဖြစ်တယ်လို့ သတင်းထောက်တွေကို အခုလိုပြောကြားခဲ့ပါတယ်။

"မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး လုပ်မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ရင်တော့ ဒဏ်ခတ်ပိတ်ဆို့ရေး ချမှတ်ဖို့ အခြေအနေတွေ ရှိမရှိဆိုတာ မေးခွန်းပြန်ထုတ်ရမှာပါ။ တကယ်လို့များ ဒဏ်ခတ်ပိတ်ဆို့မှုကို ဖိအားပေးဖို့ သြဇာအရှိန်အဝါအဖြစ် အသုံးပြုမလားဆိုတဲ့ မေးခွန်းအတွက်တော့ဆိုရင် အသုံးပြုမယ်လို့ ကျနော်ဖြေမှာ ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ဂျာမနီ သံအမတ်ကြီးတွေရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမတိုင်ခင် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က လုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Christine Schraner Burgener က ဇန်နဝါရီလအတွင်း သွားခဲ့တဲ့ ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် တွေ့ရှိချက်တွေကို အစီရင်ခံတင်ပြခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး ဖြစ်နိုင်ချေနည်းလမ်းမှန်သမျှ ဆောင်ရွက်ဖို့ လိုအပ်နေကြောင်းနဲ့ တချိန်တည်းမှာပဲ အစိုးရ၊ စစ်တပ်တို့နဲ့လည်း မဖြစ်မနေ ပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်နေကြောင်း Ms. Burgener က ပြောဆိုသွားခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး လမ်းပြမြေပုံအရ လုံခြုံရေးကောင်စီ ကိုင်တွယ်ဆောင်ရွက်မည်