လူ့အခွင့်အရေး လေးစားလိုက်နာဖို့ မြန်မာကို အမေရိကန် သံတမန် တိုက်တွန်း

Cambodian rescuers work at the site of a factory collapse in Kai Ruong village, south of Phnom Penh, May 16, 2013.

အရှေ့တောင်အာရှ ပစိဖိတ်ရေးရာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ရဲ့ မေလ ၁၈ ရက်က ၂၀ ရက်အထိ မြန်မာပြည် ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး တိုးမြှင့်သွားဖို့ ဆန္ဒရှိပါကြောင်း၊ ဒါပေမဲ့ ဒီ တိုးတက် ဖြစ်ထွန်းမှုဟာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေး လေးစား လိုက်နာမှုတွေပေါ်မှာ မူတည်တဲ့အကြောင်း အမေရိကန် အဆင့်မြင့် သံတမန် မစ္စတာယွန်းက ပြောဆိုလိုက်ပါတယ်။

မစ္စတာယွန်းရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ အစိုးရသစ် ဖွဲ့ပြီးကတည်းကဆိုရင် ပထမဆုံး အမေရိကန် အဆင့်မြင့် တာဝန်ရှိပုဂ္ဂိုလ်ရဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီ နည်းလမ်းတကျ အုပ်ချုပ်မှုမျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် ခိုင်မာတိကျတဲ့ ခြေလှမ်းတွေကို ယူဖို့နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့လည်း မစ္စတာယွန်းက တိုက်တွန်းပါတယ်။

မစ္စတာယွန်းရဲ့ အလည်အပတ် ခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး အသစ်၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် အဆင့်မြင့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆက် တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးမှုတွေမှာ မစ္စတာယွန်းက ချမှတ်ထားတဲ့ အပြုသဘော ဆက်ဆံရေးကတဆင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်ဖို့ အာသီသရှိတဲ့အကြောင်း ထပ်ပြီး ပြောခဲ့ပါတယ်။ ဒီ တိုးတက်ဖြစ်ထွန်းမှုကတော့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်မှုအတွက် အဓိပ္ပာယ်ရှိရှိ ဆောင်ရွက်မှု၊ လူ့အခွင့်အရေး လေးစားမှု၊ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက လိုလားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးမှုတွေပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ရဲ့ စစ်ရေးဆက်ဆံမှု အပေါ်မှာ အမေရိကန်နိုင်ငံရဲ့ စိုးရိမ်မကင်းမှုကိုလည်း မစ္စတာယွန်းက အသိပေးခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အပေါ် မြန်မာအစိုးရက လေးစား လိုက်နာဖို့ တောင်းဆိုခဲ့ပါတယ်။

မစ္စတာ ဂျိုးဇက် ယွန်းနဲ့ အဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ၊ လူမျိုးစု ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပွဲမှာ မြန်မာပြည်သူ အားလုံး လိုလား တောင့်တနေတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုး၊ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေကို အကောင်အထည် ပေါ်လာဖို့ အကောင်းဆုံး ဘယ်လိုဆောင်ရွက်ကြမယ် ဆိုတာကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ပေါ်ပေါက်မလာမချင်း အမေရိကန် အစိုးရက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု Sanction ကို ရုပ်သိမ်းမှာ မဟုတ်ဘူး ဆိုတာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နားလည် သဘောပေါက်ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။