စာနယ်ဇင်းကောင်စီဟာ စီစစ်ရေးမဟုတ်

  • သင်းသီရိ

မြန်မာနိုင်ငံမှာ စာနယ်ဇင်းကောင်စီဟာ စာပေစီစစ်ရေးကို အစားထိုးဖို့ ဖွဲ့စည်းတာ မဟုတ်ဘူးလို့ jပန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးဌာန အကြီးအကဲက ပြောလိုက်ပါတယ်။ အခု ဖွဲ့စည်းဖို့ စီစဉ်နေတဲ့ စာနယ်ဇင်း ကောင်စီဟာလည်း လွတ်လပ်စွာ သတင်း လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ သာဖြစ်ပြီး ဒီကောင်စီ ပေါ်လာအောင် ပြန်ကြားရေးအဖွဲ့က ကူညီနေတာသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ် မေးမြန်းထာတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်ထောင်စု လွှတ်တော်ကိုတင်ပြဖို့ လုပ်ထားတဲ့ ပုံနှိပ်ထုတ်ဝေရေး မီဒီယာ ဥပဒေသစ် မူကြမ်းထဲမှာ စာနယ်ဇင်းကောင်စီ အခန်းကဏ္ဍပါတာမို့ စာနယ်ဇင်းကောင်စီရဲ့ လုပ်ငန်းတွေကို ကြိုပြီးတော့ လုပ်နိုင်အောင် အခုကတည်းက ဖွဲ့စည်းဖို့အတွက် ပြန်ကြားရေးဌာနက ကြိုးစားနေတာ ဖြစ်ပါတယ်။ စာပေစာနယ်ဇင်းထဲက ကိုယ်စားပြုသူတွေ ပါဝင်မယ့် စာပေ စာနယ်ဇင်း ကောင်စီကို ဇွန်လထဲ ဖွဲ့စည်းနိုင်ဖို့ စီစဉ်နေပြီး ဒီကောင်စီ ဖွဲ့စည်းပြီးရင်တော့ စာဆောင်တွေအားလုံးဟာ ဆင်ဆာဘုတ်အဖွဲ့ကို တင်ပြစရာမလိုပဲ ထုတ်ဝေခွင့် ရကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စာပေစီစစ်ရေး ဘုတ်အဖွဲဆိုတာလည်း မရှိတော့ဘူူးလို့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

ဒါပေမယ့် စာနယ်ဇင်းကောင်စီကို ပြန်ကြားရေးက ဖွဲ့ပေးမှာမို့ လွတ်လပ်ပါ့မလား၊ စာပေစီစစ်ရေးအဖွဲ့ကိုလည်း ဖျက်တော့မှာမို့ စာပေစာနယ်ဇင်းကောင်စီကို စာပေ စီစစ်ရေးအဖွဲ့အတွက် အစားထိုးဖို့ စီစဉ်တာလားများ ဆိုတဲ့ မေးခွန်းတွေနဲ့ စိုးရိမ်မှုတွေ သတင်းလောကထဲမှာ ရှိနေပါတယ်။ ဒီအပေါ်မှာ ပြန်ကြားရေးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကတော့ စာနယ်ဇင်း ကောင်စီပေါ်လာဖို့ ပြန်ကြားရေးက ကူညီတာသာ ဖြစ်တယ်လို့ ပြောပါတယ်။

"စာနယ်ဇင်းကောင်စီကို ကျနော်တို့ဖွဲ့တာက ပြန်ကြားရေး ဝန်ကြီးဌာနအောက်မှာလည်း မဟုတ်ပါဘူး၊ စာပေေ လာကသားတွေကလည်း တတ်နိုင်သမျှ စာနယ်ဇင်း လွတ်လပ်ခွင့်ကို မြန်မြန် ရချင်တယ်ဆိုပြီးတော့ ကျနော်တို့ ဝန်ကြီးကို တင်ပြတာတွေ ရှိပါတယ်။ အဲဒါတွေ အားလုံးကို အဖက်ဖက်က စဉ်းစားပြီးတော့မှ ဝန်ကြီးက စာနယ်ဇင်းကောင်စီတခုကို နိုင်ငံတော်သမ္မတကြီး အနေနဲ့ ဖွဲ့စည်းပေးနိုင်ဖို့ ကျနော်တို့ တင်ပြဖို့ ဆောင်ရွက်ပါမယ်။ အဲဒီစာနယ်ဇင်းကောင်စီ ပေါ်လာရင်တော့ စာဆောင်တွေအားလုံးဟာ ထုတ်တင်စံနစ် ဖြစ်သွားပြီးတော့မှ စာပေ စီစစ်ရေးလုပ်ငန်း ဆိုတာလည်း မရှိတော့ပါဘူး။ ဖွဲ့ပြီးတဲ့အခါမှာ လွတ်လွတ်လပ်လပ် ရေးခွင့်ရလို့ပေါ်ပေါက်လာမယ့် ကျင့်ဝတ်ဆိုင်ရာ ပြသနာတွေ၊ ကိစ္စမျိုးတွေ ဆိုရင်တော့ စာနယ်ဇင်းကောင်စီက ဖြေရှင်းပေးပေါ့။"

စာပေစီစစ်ရေးအဖွဲ့ဟာ ရုံးပိုင်းလုပ်ငန်းတွေကိုသာ လုပ်ကိုင်မယ့် ဌာနတခု အနေနဲ့ပဲ ရှိမယ်လို့လည်း ပြောပါတယ်။ အခုဆိုရင် နိုင်ငံမှာ ပြဌာန်းဖို့ စီစဉ်နေတဲ့ ပုံနှိပ်ထုတ်ဝေရေး မီဒီယာ ဥပဒေမူကြမ်းကို ဇူလှိုင်လထဲလောက်မှာ ပြန်ကျင်းပနိုင်တဲ့ ပြည်ထောင်စ ုလွှတ်တော်မှာ ဆွေးနွေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

"အဲဒါက ကျနော်တို့ ဒုတိယအကြိမ် မူကြမ်းကို ရှေနေချုပ်ရုံးကို တင်ထားပါတယ်။ ရှေ့နေချုပ်ရုံးက အကြံပြုချက်တွေကို ကျနော်တို့ ရမယ်ဆိုရင် ဇွန်လအတွင်းမှာ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ကို ယူမယ်၊ ပြီးရင်တော့ ပြည်ထောင်စု လွှတ်တော်က ဇူလှိုင်လထဲလောက်မှာ ခေါ်မယ်ဆိုတဲ့ သတင်းတွေကြားနေတော့ စခေါ်တဲ့အချိန်မှာ ကျနော်တို့ တင်နိုင်အောင် လုပ်ပါ့မယ်ခင်ဗျ။"

ဒါပေမယ့် အခုရေးဆွဲထားတဲ့ ပုံနှိပ်ထုတ်ဝေရေး မီဒီယာ ဥပဒေမူကြမ်းဟာ ၁၉၆၂ တော်လှန်ရေးကောင်စီ လက်ထက်ကရေးဆွဲထားတဲ့ ပုံနှိပ် မီဒီယာ ဥပဒေကို မှီငြမ်းထားတာမို့ လွတ်လပ်မှု မရှိနိုင်ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ ဦးရဲထွဋ် ရှင်းပြတာကတော့ -

"နံပါတ်တစ်ကတော့ဗျာ ၆၂ ဥပဒေကို မှီငြမ်းတယ် ဆိုတဲ့အခါ ကျနော်တို့ မှီငြမ်းတာ ဘယ်လိုဟာလဲ ဆိုတော့ ဥပမာ အဓိပ္ပါယ် ဖွင့်ဆိုချက်လို ဟာမျိူးတွေ၊ နောက်တခါ ပုံနှိပ်စက် တွေမှတ်ပုံတင်တဲ့ ကိစ္စမျိုးတွေ၊ ဒါမျိုးတွေကိုတော့ ၆၂ ခုနှစ် ဥပဒေတွေထဲကနေ ခေတ်နဲ့ လျှော်ညီတဲ့ဟာတွေကို ပြုပြင်သုံးစွဲဖို့ ရည်မှန်း ထားပါတယ်။ နောက်တခုက တကယ်လို့ ခင်များတို့ စာပေစီစစ်ရေးမူလို့ ပြောနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင်တော့ ၆၂ ကနေ ကျနော်တို့ လုံးဝမယူဖို့ မရှိပါဘူး။ နိုင်ငံတကာစံတွေနဲ့ အတတ်နိုင်ဆုံး နီးစပ်ပြီးတော့မှ မိမိနိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျှောညီထွေဖြစ်အောင် ဆွဲထားတယ်ဆိုတာတော့ ကျနော်ပြောနိုင်ပါတယ်။"


ဒီလို သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေတွေနဲ့ ပတ်သက်လို့ တဆက်တည်း ဒီရက်ပိုင်းထုတ် ဂျာနယ်တွေမှာ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးကနေ အနားယူဖို့ စာတင်ထားတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရေးကြတာ အားလုံးကို စာပေစီစစ်ရေးက ဖော်ပြခွင့်မပေးခဲ့ပါဘူး။ ဘာကြောင့် ဒီသတင်းတွေကို ဆင်ဆာလုပ်ထားတာပါလဲ -

"ကျနော်တို့ တားရတဲ့ ရည်ရွယ်ချက်ကတော့ ခေါင်းဆောင်တယောက်ရဲ့ ကျမ်းမာရေး ဖြစ်တဲ့အခါမှာ နံပါတ်တစ်ကတော့ သူရဲ့ကျန်းမာရေးသည် သူရဲ့ပုဂ္ဂလိကကိစ္စ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ လောလောဆယ် မပြောချင်ပါဘူး၊ နံပါတ် နှစ်ကတော့ သူ့ရဲ့ ရာထူးကနေ အနားယူမယ် ဆိုတဲ့ ကိစ္စတွေဟာ တရားဝင် ထုတ်ပြန်ထားတဲ့ သတင်းမဟုတ်သေးတဲ့ အတွက်ကြောင့်မို့ စာပေ စီစစ်ရေးက ပုံနှိပ်ချင်း မပြုဖို့ ဆိုပြီး အဲဒီတုန်းက စီစစ်ဟန့်တားတာ ဖြစ်ပါတယ်။"


ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာန ညွန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းထားတာပါ။

တကယ်တော့ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် သတင်းလုပ်ငန်းတွေ အတော်အသင့် လုပ်ကိုင်လို့ရလာတယ်၊ သတင်းသမားတွေအတွက် အသင်းအပင်း အဖွဲ့အစည်းလိုမျိုးတွေ ထူထောင်ခွင့် ရတယ်ဆိုတာတွေ တွေ့ရပေမယ့် အနှစ်သာရ အပြည့်ရှိတဲ့ သတင်းလွတ်လပ်ခွင့်တွေ မရှိသေးသလို
သတင်းလောက ဖွံဖြိုးလာဖို့အတွက် အများကြီး လုပ်ဆောင်ဖို့ လိုအုံးမယ်လို့လည်း မေလ ၃ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့ သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို သတင်းသမား အများစုက သုံးသပ်ကြတာတွေလည်း ရှိပါတယ်။