မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရတယ်လို့ သတင်းထုတ်ပြန်ထားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ရဲ့ အလောင်းကိုဖော်ပြီး စစ်ဆေးမယ်ဆိုရင် မိသားစုဝင်မပါဘဲ အလောင်းဖော်ခြင်း မလုပ်ဖို့အတွက် မိသားစုက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ် ကျိုက်မရောမြို့က မြို့မရဲစခန်းကို လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အမှုဖွင့်တိုင်ကြားတဲ့ အလွတ်သတင်းထောက် ကိုပါကြီးရဲ့ဇနီးဖြစ်သူက ဒီနေ့မှာပဲ မိသားစုမပါဝင်ဘဲ အလောင်းဖော်တာမျိုးကို မလုပ်ဖို့အတွက် ကျိုက်မရောရဲစခန်းက တာဝန်ရှိသူတွေကို တောင်းဆိုလိုက်ပါတယ်။ အလောင်းဖော်ဖို့ ကိစ္စတွေနဲ့ပတ်သက်လို့ ရဲစခန်းကနေ စီစဉ်နေတာကို သိရှိရတဲ့အကြောင်း ရဲစခန်းကတာဝန်ရှိသူ ဒုရဲအုပ်တဦးနဲ့ ဆက်သွယ်ပြောဆိုခဲ့တာတွေကို အခုလို ပြောပြပါတယ်။
“ကျိုက်မရောရဲစခန်းကို ချက်ခြင်းကန့်ကွက်တယ်ဆိုပြီး ကျမ ဖုန်းဆက်လိုက်တဲ့အခါကျတော့ သူ ပြောတယ်။ ကျိုက်မရော မြို့မရဲစခန်းက ဒုရဲအုပ် သိန်းစန်းဝင်းက ကျနော်တို့ တိုင်ပင်နေတုန်းရှိပါတယ်။ ကျနော်တို့ တိုင်ပင်နေတာပါတဲ့။ ကျမက ကန့်ကွက်တယ်နော်။ ကျမ မိသားစုဝင်မရှိဘဲ ဒီအလောင်းကိုဖော်တယ်ဆိုရင် ကျမ တရားစွဲမယ်။ အဲ့လိုမျိုးပြောထားတယ် ကျမက။ ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီးသွားပြီ။ တကယ်လို့များ သူတို့ ဖော်မယ်ဆိုရင် ရှင်တို့တာဝန် ရှင်တို့ယူရမယ်။ အဲ့လိုပြောလိုက်တယ်။”
ကျိုက်မရော မြို့မရဲစခန်းက ဒုရဲအုပ် သိန်းစန်းဝင်းကတော့ အလောင်းဖော်ဖို့ သက်ဆိုင်ရာတပ်နဲ့ တာဝန်ရှိသူတွေကို စာတင်ထားတဲ့အကြောင်းနဲ့ မိသားစုမပါဝင်ဘဲ အလောင်းဖော်မှာ မဟုတ်တဲ့အကြောင်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းစဉ်မှာ အခုလို ပြောပါတယ်။
“ဟုတ်ကဲ့ ဖော်ဖို့အတွက်ကို ကျနော်တို့က တရားသူကြီးဆီကို စာ တင်ရပါတယ်။ ပြီးတော့ အထက် ဌာနအဆင့်ဆင့်ကို ကျနော်တို့ စာတင်ရပါတယ်ခင်ဗျ။ အဲ့ဒီစာတင်ထားတာကို ကျနော်တို့က အလောင်းဖော်ဖို့အတွက် စာတင်ထားပါတယ်ဆိုတာပြီးတယ်။ ပြောကြားတာပဲရှိပါတယ်ခင်ဗျ။ နောက်ပြီးတော့ ကျနော်တို့က အလောင်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ဒီအလောင်းကို ဖော်လို့ မရပါဘူး။ မသန္တာတို့ မိသားစုက ဟုတ်ကဲ့ ဖော်လို့ရပါပြီ၊ သူတို့ရဲ့ ရှေ့မှာတင်ပဲ ကျနော်တို့က ဖော်ပေးမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ အမှန်တကယ် ကျနော်တို့ကတော့ အလောင်းကို ဖော်ဖို့အတွက် စာတွေတင်ထားတာကို စခန်းမှူးကနေ အလောင်းကို ဖော်ဖို့အတွက်ကို သက်ဆိုင်ရာ တရားသူကြီးပေါ့နော်၊ ပြီးတော့ သက်ဆိုင်ရာ ဆရာဝန်၊ ပြီးတော့ သက်ဆိုင်ရာတပ်နယ်ပေါ့နော် မြှုပ်ခဲ့တဲ့တပ်တွေကို ကျနော်တို့က အထက်အဆင့်ဆင့်ကို စာတွေ တင်ထားတာကို အလောင်းဖော်ဖို့ လုပ်နေပါပြီဆိုပြီးတော့ စခန်းမှူးက ပြောလိုက်တာခင်ဗျ။ ဒီကိစ္စက မသန္တာတို့ ခွင့်ပြုချက်နဲ့ မသန္တာတို့ မိသားစုရှေ့မှာပဲ အလောင်းကို ဖော်မှာပါလို့ နော်။”
ကျိုက်မရော ရဲစခန်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့တဲ့အခါမှာ အထက် အဖွဲ့အစည်းအမိန့်အရဆိုပြီး မနက်ပိုင်းမှာ အမှုဖွင့်ခွင့်မပေးပေမဲ့ ညနေပိုင်းမှာတော့ အမှုဖွင့်ခွင့် ပေးခဲ့တာပါ။ အမှုဖွင့်ချိန်မှာ သက်သေတွေနဲ့အတူ ဖွင့်ခဲ့တာဖြစ်တဲ့အကြောင်း မြို့ခံတဦးကတော့ အခုလို ပြောပါတယ်။
“အမှုဖွင့်ပြီးသွားပြီဆိုတော့ သူတို့က ဒါ အလောင်းပြန်ဖော်ရမယ့် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ရမှာပေါ့။ ဟိုမှာ ဒီနေ့တော့ မနေ့က မသန္တာတို့ စစ်ဆေးပါတယ်။ တခါတည်း စစ်ဆေးတာပေါ့ စစ်ဆေးပြီးတော့ ကျန်တဲ့သက်သေတွေကိုလည်း စစ်ပြီးသွားပြီပေါ့လေ။ သက်သေတွေနဲ့ ဒီအလောင်း တူးဖော်တဲ့အခါကျရင် မိသားစုကို ခေါ်ရမှာ။ အဲဒီမှာ သက်သေထဲမှာက ဘယ်သူတွေပါသလဲဆိုတော့ နိုင်စိုးမြင့်ပါတယ်။ နောက် ကိုအောင်ဖ ပါတယ်။ နောက်ပြီးတော့ နော်အုန်းလှပါတယ်။”
ကျိုက်မရောမြို့နယ် ရဲစခန်းက တာဝန်ရှိသူတွေကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းကိုင်ခြင်း မရှိပါဘူး။ အောက်တိုဘာလ ၂၆ ရက်နေ့ ညနေပိုင်းတုန်းကတော့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ထောင်နဲ့ချီရှိတဲ့ နယ်ပယ်အသီးသီးက တက်ကြွလှုပ်ရှားသူတွေက အလွတ်သတင်းထောက် ကိုပါကြီးဖြစ်ရပ်နဲ့ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ တောင်းဆိုထားတာပါ။
ဇနီးဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း မသန္တာကတော့ အရပ်ဘက်နဲ့ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးရဲ့တောင်းဆိုချက်တွေဟာ သူ့မိသားစုရဲ့ တောင်းဆိုချက်သာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကိုပါကြီးအလောင်းကို ပြန်လည်စစ်ဆေးတဲ့အခါမှာ မိသားစုပါဝင်ရမှာဖြစ်ပြီး အလောင်းကို ဖော်ပြီးတဲ့နောက်မှာတော့ ရန်ကုန်ကို ပြန်သယ်ဆောင်လာမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။