အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ မန်နေဂျာဟောင်း Paul Manafort အပေါ် တရားစွဲဆို စစ်ဆေးမှုကို ကြီးကြပ်နေတဲ့ တရားသူကြီးက သူ့ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ပြောထားပြီး လက်ရှိမှာ အမေရိကန် တရားရေးဌာနဆိုင်ရာ ရဲတပ်ဖွဲ့ အရာရှိတွေက အကာအကွယ်ပေးနေရပါတယ်။
တရားသူကြီး T. S. Ellis က လုံခြုံရေးအရာရှိတွေဟာ သူသွားတဲ့နေရာကို အတူလိုက်ပါကြပြီး ဟော်တယ်ကိုတောင်မှ တယောက်ထဲမသွားတဲ့အကြောင်း၊ ဟော်တယ်ရဲ့နာမည်ကို သူမပြောကြောင်း သောကြာနေ့က သတင်းထောက်တွေကို ပြောပါတယ်။
Manafort အမှုကိုကြားနာနေတဲ့ jury လူကြီးတွေရဲ့အမည်ကို ထုတ်ပြန်ပေးဖို့ သတင်းထောက်တွေကို တရားသူကြီး Ellis သောကြာနေ့မှာ ဖိပြီးမေးကြတာကို တရားသူကြီးကငြင်းပြီး လုံခြုံရေးအကြောင်းပြချက်ကြောင့် မထုတ်ပြန်နိုင်ဘူးလို့ ပြောပါ တယ်။ ဂျူရီလူကြီးတွေအမည်ကို သူထုတ်ကြေညာမယ်ဆိုရင် သူတို့လည်း ခြိမ်းခြောက်ခံကြရမှာဖြစ်ပြီး သူတို့ရဲ့ ငြိမ်းချမ်းမှုနဲ့ ဘေးရန်ကင်းမှုကို သူ အကာအကွယ်ပေးချင်တယ်လို့ တရားသူကြီး Ellis ကပြောပါတယ်။
မစ္စတာ Manafort ဟာ ဘဏ္ဍာငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေ၊ ငွေမည်းခဝါချမှုဆိုင်ရာ စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရတာပါ။ သမ္မတထရမ့်ပ်ကတော့ “Manafort အမှုရင်ဆိုင်နေရတာဟာ ဝမ်းနည်းဖို့ကောင်းပါတယ်။ သူဟာ ကျနော့်အတွက် ခနပဲ လုပ်ကိုင် ပေးခဲ့သူပါ။ သူဟာ တကယ့်လူကောင်းတယောက်ပါ။ Paul Manafort အပေါ် သူတို့လုပ်ဆောင်တာ သိပ်ကိုဝမ်းနည်းဖို့ ကောင်းတယ်လို့ ကျနော်ယူဆပါတယ်” ဆိုပြီး သောကြာနေ့က သတင်းထောက်တွေကို ပြောပါတယ်။
Your browser doesn’t support HTML5