မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ရှောင်လွှဲနိုင်ရေး ကြံစည်ခဲ့မှုနဲ့ တရုတ်နိုင်ငံသား ၄ ဦးနဲ့ တရုတ် ကုမ္ပဏီ တခုကို အမေရိကန် တရားရေး ဌာနက တရားစွဲဆိုလိုက်ပါတယ်။
ဖျက်အားပြင်း လက်နက်တွေ တိုးပွားလာရေးနဲ့ သက်ဆိုင်နေတဲ့ မြောက်ကိုရီးယားရဲ့ လုပ်ငန်းတွေကိုယ်စား တရားမဝင် ဘဏ္ဍာရေးကိစ္စတွေကို ဖုံးကွယ်ဖို့ ဟန်ပြ ကုမ္ပဏီ ၂၀ ကျော်ကနေ တဆင့် ဒီလူတွေက ကြိုးစားခဲ့ကြတယ်လို့လည်း လက်ထောက် ရှေ့နေချုပ် John Demers က ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ Ma Xiaohong နဲ့ သူမရဲ့ ကုမ္ပဏီ Dandong Hongxiang Industrial Development နဲ့ Zhou Jianshu, Hong Jinhua, and Luo Chuanxu တို့ကို နိုင်ငံတကာ အရေးပေါ် စီးပွားရေး ဆောင်ရွက်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ဖို့ ကြံစည်မှု အမေရိကန် အစိုးရကို လိမ်လည်မှု၊ ငွေမဲခဝါချဖို့ ကြံစည်မှုတွေနဲ့ စွဲချက်တင် တရားစွဲတာ ဖြစ်ပါတယ်။
အခု တရားစွဲခံရတဲ့ တရုတ် နိုင်ငံသား ၄ ဦးတို့က မြောက်ကိုရီးယားနဲ့ ဘဏ္ဍာရေး ဆက်စပ်ဆောင်ရွက်နိုင်ဖို့ အတွက် ပြည်ပမှာ ရုပ်ပြ ကုမ္ပဏီတွေ ထောင်ပြီး အမေရိကန်က ဘဏ်အကောင့်တွေနဲ့ ဆက်စပ်တဲ့ တရုတ်ဘဏ်တွေမှာ ဒီကုမ္ပဏီတွေရဲ့အမည်နဲ့ ဘဏ်စာရင်းတွေကို ဖွင့်ခဲ့ကြောင်း အခု တရားစွဲဆိုချက်မှာ စွပ်စွဲထားတဲ့ အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အပြစ်ရှိကြောင်း စီရင်ခံရရင်တော့ ဆယ်စုနှစ်နဲ့ချီ ထောင်ဒဏ် ကျခံရနိုင်ပါတယ်။
Your browser doesn’t support HTML5