အစိုးရဆွေးနွေးပွဲ ကမ်းလှမ်းချက် KIO ပယ်ချ

ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် အစိုးရ ရဲ့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က တဖွဲ့ ချင်း ဆွေးနွေးဖို့ ငြင်းပယ်လိုက်ပြီး သူတို့ အဖွဲ့အပါ အဝင်ဖြစ်တဲ့ တပ်ပေါင်းစုနဲ့ သာ ဆွေးနွေးမယ်လို့ တုံ့ပြန်လိုက်ပါတယ်။ မြန်မာအစိုးရ ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ KIO နဲ့ တိုက်ရိုက် တဖွဲ့ချင်းဆွေးနွေးတာက ပိုမိုအကျိုးရှိမယ်လို့ ယူဆပြီး KIO ရဲ့ တုံ့ပြန်မှု အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေ မြန်မာပိုင်း အစီအစဉ် ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီအဖွဲ့က ကချင်လွတ်လပ်ရေး အဖွဲ့ KIO အဖွဲ့ဥက္ကဋ္ဌ ဦးဇောင်းဟရားဆီကို လိပ်မူပြီး တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို စနေနေ့က ပေးပိုခဲ့ တာဖြစ်ပါတယ်။

ဒီကမ်းလှမ်းချက်အပေါ်မှာ KIO ဘက်က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေးသွားမယ်လို့ တုံ့ပြန်ခဲ့ကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

“အစိုးရစစ်တပ်ဘက်ကနေပြီးတော့ လေတပ်ရော၊ ကြည်းတပ်ရော၊ အမြောက်တပ်ရော အလုံးအရင်းနဲ့ KIA ကို စစ်ရေးနဲ့ ဖိအားပေးတဲ့အချိန်မှာ KIA အဖွဲ့အစည်း တခုတည်းနဲ့ ပဲ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတာ သုံးသပ် ကြည့်မယ်ဆိုရင်လည်း မဖြစ်နိုင်တဲ့ အခြေအနေ ရောက်နေတယ်။ ဒါကြောင့်မို့ အခု နိုင်ငံရေးဆွေးနွေးပွဲကို စတင်မယ်ဆိုရင်တော့ လက်နက်ကိုင် အဖွဲ့စည်းနဲ့ ဖွဲ့စည်းထားတဲ့ UNFC ကတဆင့် ဆွေးနွေးကြမယ်ဆိုတဲ့ မူချမှတ်ပြီးသား ရှိတယ်။ ဒါကြောင့်မို့ တွေ့ဆုံမယ်ဆိုရင်လည်း KIO တဖွဲ့တည်းနဲ့ မဟုတ်ဘဲနဲ့ UNFC အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက တွေ့ဆုံဖို့ ဆိုတဲ့ အကြောင်း ပြန်ကြားချက်ပါ။ လက်ငင်းအခြေအနေပေါ်မူတည်ပြီးမှပဲ အကြောင်းပြန်ကြားရခြင်းပါ။”

မြန်မာအစိုးရဘက်ကတော့ ဒီလ ၁၉ရက်နေ့ မနက်ကစတင်ပြီး KIO ရဲ့ဌာနချုပ်အနီးက လဂျားယန်မှာ တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းဖို့ ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာထားပေမဲ့ အစိုးရတပ်တွေက ဒီကနေ့ထိ ဆက်လက်ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ဦးလနန်က ပြောပါတယ်။

မြန်မာအစိုးရဘက်ကလည်း တိုက်ခိုက်တာတွေရပ်ဆိုင်းဖို့ ကြေညာပြီးတဲ့နောက်မှာ KIA ဘက်က ဖားကန့်မြို့နယ်ဘက်က ရဲစခန်းကို ဝင်တိုက်တာနဲ့ ဗန်းမော်-လွယ်ဂျယ် ကားလမ်းမှာ ခရီးသည်တင် ကားတွေကို မိုင်းခွဲတိုက်ခိုက်တာ၊ လဂျားယန်က အစိုးရ တပ်စခန်းတွေက ပစ်ခတ်တာတွေ ရှိတယ်လို့ တုံ့ပြန်ထားပါတယ်။

ဒီလို တိုက်ပွဲတွေ ဆက်လက်ဖြစ်နေချိန်မှာ KIAက UNFCနဲ့ ဆွေးနွေးဖို့ တ့ုံပြန်တဲ့အပေါ် စိုးရိမ်မှု ဖြစ်ရတယ်လို့ မြန်မာအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

“လက်တွေ့တကယ်ပစ်ခတ်မှုတွေဖြစ်နေတာဟာ ကျနော်တို့နဲ့ သူတို့ KIO ကြားမှာကိုး။ UNFC အများစုကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူထားပြီဆိုတော့ သူက လက်ရှိ မြေပြင်မှာ ဖြစ်နေတဲ့ဟာကို ပါဝင်ပတ်သက်နေတဲ့ နှစ်ဖွဲ့က အရင် မဆွေးနွေးဘဲနဲ့ ဟိုဘက်ကိုပဲ ဆွေးနွေးပါ ဆိုတော့ သူတို့ဘက်ကများ အပစ်အခတ်တွေ မရပ်စဲချင်လို့လား။ တိုက်ပွဲတွေ ရပ်ဆိုင်းချင်တဲ့ဆန္ဒ မရှိလို့လားပဲ ကျနော်တို့ စိုးရိမ်မိပါတယ်။ ကျနော်တို့ ဘက်က အပြုသဘောဆောင်ကမ်းလှမ်းတဲ့ဟာကို သူတို့ဘက်က လိုအပ်သလောက် အပြုသဘောဆောင်ပြီး မတုံ့ပြန်ဘူးဆိုပြီးတော့ စိတ်မကောင်း စရာလို့ပဲ မြင်ပါတယ်ခင်ဗျ။ ဒါကတော့ ကျနော့ရဲ့ ကိုယ်ပိုင် ပုဂ္ဂိုလ်ရေး အယူအဆပြောတာပါ။”

နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဒီကနေ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ မှာ တွေ့ဆုံ စဉ်ကလည်း ကချင်ပြည်နယ်မှာ စစ်အရှိန်လျှော့ချဖို့နဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရတဲ့အထိ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကုလသမဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ မြန်မာအစိုးရဘက်က သောကြာနေ့က ကချင်ပြည် နယ်မှာ အပစ်ရပ်ဖို့ ကြေညာလိုက်တာကို ကြိုဆိုလိုက်ကြောင်း ထုတ်ပြန်ပါ တယ်။ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ အတွက် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ နှစ်ဖက် စလုံးကို တိုက်တွန်းထားသလို ဒုက္ခရောက်နေတဲ့ ကချင်ပြည်နယ်က ပြည်သူတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့နိုင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
တနှစ်ခွဲကျော်ကြာမြင့်လာတဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ဒေသခံ ပြည်သူ ၁၀၀,၀၀၀ ကျော်ဟာ တရုတ်-မြန်မာနယ်စပ်ဒေသနဲ့ ကချင်ပြည်နယ်မြို့ကြီးတွေက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ KIO အဖွဲ့ ထိန်းချုပ်ရာဒေသက ဒုက္ခသည် အများစုကတော့ လုံလောက်တဲ့ အကူအညီတွေ မရတာကြောင့် အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်ခင်ဗျား။