ကချင်ဆရာမ ၂ ဦး အသတ်ခံရမှု တရားခံရှာဖွေ

ریو گیمز میں برازیل اور کیمرون کے درمیان والی بال کے کھیل میں ایک پرستار برازیل کے لیے حمایت کا اظہار کرتے ہوئے

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ ဆရာမ ၂ ယောက် အသတ်ခံရတဲ့အမှုကို ဒီကနေ့ မနက်မှာ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာကို သွားရောက်ပြီး ဒေသခံတွေနဲ့ တပ်မတော်သားတွေကို စစ်ဆေးခဲ့ပါတယ်။

လောလောဆယ်မှာတော့ တရားခံကို ရှာဖွေနေဆဲဖြစ်ပြီး ကွယ်လွန်သူတွေရဲ့ ရုပ်ကလပ်ကိုတော့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC အခြေစိုက်တဲ့ မြစ်ကြီးနားကို သယ်ယူဖို့ ရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း (ကြူကုတ်) မြို့နယ် ကောင်းခါးရွာမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမ နှစ်ဦးဟာ ဒီလ ၁၉ ရက်နေ့ ညသန်းခေါင်ယံလောက်မှာ အမည်မသိသူတွေက သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး မူဆယ်ခရိုင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးဇော်ရာက အခုလို ပြောပါတယ်။

“ဟုတ်ကဲ့။ မုဒိမ်းကျင့်တယ်။ နောက်ပြီးတော့ တယောက်က ဓားနဲ့မွှန်းတယ်၊ ရင်ဘတ်မှာလည်း ဓားနဲ့ထိုးသတ်ထားတယ်။ ပြီးတော့ ခေါင်းကိုလည်း ရိုက်ထားတယ်။ ခေါင်းက ကွဲနေတယ်။ တယောက်က ဓားရာတော့မရှိဘူး။ ခေါင်းကကွဲနေတယ်။ ကိုယ်တုံးလုံးနဲ့ပေါ့။”

ဒီနေ့မနက်ခင်းမှာ ပန်ဆိုင်း (ကြူကုတ်) ရဲစခန်းက တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာကို လာရောက်ပြီး ဒေသခံတွေနဲ့ တပ်မတော်သားတွေကို စစ်ဆေးခဲ့တယ်လို့ ဦးဇော်ရာက ဆက်ပြောပါတယ်။

“ကျနော်တို့ ဒီခရိုင်ရဲမှူး စိုးသန်းနဲ့ ရဲအရာရှိ ၄ ယောက်ရယ်၊ နောက် ရဲအင်အား ၁၅ ယောက်လောက်နဲ့ ဒီမနက် ၇ နာရီခွဲကနေ ကျနော်တို့ ဟို အခင်းဖြစ်တဲ့နေရာကို သွားစစ်ပါတယ်။ သွားစစ်တော့ ပထမပိုင်းစစ်တာ ရွာသားတွေကိုစစ်တယ်။ ဒုတိယကျတော့ အဲ့ဒီမှာ တာဝန်ကျတဲ့ တပ်မတော်သားလို့ပြောတဲ့ အယောက် ၂၀၊ ၃၀ ဝန်းကျင်ပေါ့ သူတို့စစ်ပါတယ်။ သဲလွန်စနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောသေးဘူး။ အဖြေကတော့ တရက်၊ နှစ်ရက်လောက် သည်းခံပါလို့ပြောတယ်။ ဆေးရုံကလည်း သူ့ medical ဆေးမှတ်တမ်းလည်း ဘာမှမလာသေးဘူး။ ကျနော်တို့ တောင်းတော့တောင်းထားတယ်ခင်ဗျ။”

အခင်းဖြစ်ပွားတဲ့နေ့ မနက်က ကောင်းခါးရွာအနီးကို ခမရ ၅၀၃ က စစ်ကြောင်းတကြောင်း လာရောက် စခန်းချတာကြောင့် တပ်မတော်သားတွေကို ခေါ်ယူစစ်ဆေးတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ပန်ဆိုင်း (ကြူကုတ်) ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တဦးကတော့ လောလောဆယ် စစ်ဆေးနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“ကျနော်တို့ဆီက ဗိုလ်ကြီးတယောက်ပေါ့ အခင်းဖြစ်တဲ့ဆီကို သွားနေလို့ခင်ဗျ သူတို့။ အခု အဲ့ဒီကိုသွားရောက်ပြီး အားလုံး စစ်ဆေးနေပါတယ်ခင်ဗျ။ ကျနော်တို့နဲ့လည်း အဆက်အသွယ် မရသေးဘူးခင်ဗျ။ သူတို့ပြန်လာမှ ကျနော်တို့က သိရမှာခင်ဗျ။ အခုက ကျနော်တို့အဘတွေလည်း အဲ့ဒီမှာ သွားရောက်စစ်ဆေးနေတုန်း ရှိပါသေးတယ်ခင်ဗျ။”

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးလမာယော်ကတော့ ဆရာမ ၂ ယောက်ရဲ့ ရုပ်အလောင်းကို မူဆယ်ကနေ မြစ်ကြီးနားကို သယ်ယူဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။

“ကျနော်တို့ အဲ့ဒီဈာပနကို ကျနော်တို့ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ရုံးရှိရာ မြစ်ကြီးနားကို သယ်ယူပြီးမှ အဲ့ဒီမှာ သင်္ဂြိုလ်တဲ့အခမ်းအနား လုပ်မလို့ပါခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့လူဖြစ်တယ်၊ ကျနော်တို့အသင်းချုပ်ကနေ စေလွှတ်ထားတဲ့ ဝန်ထမ်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့။”

သေဆုံးသွားသူတွေဟာ မြစ်ကြီးနား ဂျမိုင်ကောင် စစ်ရှောင်စခန်းက မခေါန်နန်စင် အသက် ၂၁ နှစ်နဲ့ ဝိုင်းမော်မြို့က မမရန်လုရာ အသက် ၂၀ နှစ် တို့ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားတဲ့ ကောင်းခါးရွာဟာ ကချင်ကျေးရွာတရွာဖြစ်ပြီး အစိုးရနဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့နောက် အဲဒီဒေသကို အစိုးရစစ်ကြောင်းတွေ ဖြတ်သန်းသွားခဲ့ပေမဲ့ အရင်က အခုလို အမှုအခင်းမျိုး ဖြစ်ပျက်ခဲ့ဖူးတာ မရှိပါဘူး။