နှစ်၇၀ပြည့် ကချင်ပြည်နယ်နေ့ကျင်းပ

ဒီကနေ့ကျရောက်တဲ့ နှစ်၇၀ပြည့် ကချင်ပြည်နယ်နေ့မှာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်နေတာ ပြည်တွင်းစစ်ကြောင့်ဖြစ်ကြောင်းနဲ့ကချင်ပြည်နယ်နေ့ကို ရုံးပိတ်ရက် မသတ်မှတ်တဲ့အတွက် အားမလိုအားမရဖြစ်ရကြောင်း ကချင်နိုင်ငံရေးခေါင်းဆောင်တဦးက သုံးသပ်ပါတယ်။ ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားမှာတော့ နိုင်ငံတကာက ဆုအပ်နှင်းခံရတဲ့ ကချင်အမျိုးသားတွေကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့နောက်ကချင်ပြည်နယ်အစိုးရဖွဲ့စည်းခဲ့တဲ့နေ့ကိုကချင်ပြည်နေ့ အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့တာ အခုဆိုရင် အနှစ် ၇၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာ တူးဂျာက အနှစ်၇၀ပြည့် ကချင်ပြည်နယ်နေ့မှာ ပြည်နယ်ရဲ့ တိုးတက်မှုအခြေအနေအပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။

“ကချင်ပြည်နယ်ကတော့ လွတ်လပ်ရေးနဲ့ ရှေ့ဆင့်နောက်ဆင့်ပေါ်ပေါက်လာတာပေါ့နော်။ ဒါပေမယ့် ပြည်တွင်းစစ်ကြောင့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင်လည်း သိပ်ပြီးမလုပ်နိုင်ဘူးပေါ့နော်။ နောက်တချက်က ကချင်ပြည်နယ်နေ့ဆိုတာကတော့ ကချင်တိုင်းရင်းသားများအနေနဲ့ တော်တော်လေး အထွဏ်အမြတ်ထားတဲ့ တန်ဖိုးထားတဲ့ နေ့တရပ် ဖြစ်တယ် ဒါပေမယ့် ဒီ တရားဝင်ရုံးပတ်ရက်အဖြစ်မသတ်မှတ်နိုင်သေးဘူး။ ဒါကြောင့် ကျနော်တို့ ကချင်ပြည်နယ်ကို စိတ်တိုင်းကျ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်တာက ပြည်တွင်းစစ်ကြောင့်ဖြစ်တယ်။ နောက်ရုံးပိတ်ရက် မသတ်မှတ်နိုင်ဘူးဆိုတာက အားမလိုအားမရဖြစ်ပါတယ်ဆိုတာကို ပြောချင်ပါတယ်။”

မြန်မာနိုင်ငံက နေရာဒေသအတော်များများမှာ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပနိုင်ပေမဲ့ ကချင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေဟာ ဒီရက်ပိုင်းတွေအတွင်းထိ ဆက်လက်ဖြစ်ပွားနေဆဲ ရှိနေပါတယ်။

ဒေါက်တာတူးဂျာက တိုက်ပွဲတွေရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို လွတ်လွတ်လပ်လပ်ကျင်းပစေလိုကြောင်း အခုလို ဆက်ပြောပါတယ်။

“အဓိကအကျဆုံးကတော့ နိုင်ငံရေးပြဿနာကြောင့်ဖြစ်တဲ့ ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို အရင်ကအစိုးရအဆက်ဆက်က လက်မခံခဲ့ဘူး။ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းက ဒါကို လက်ခံပါတယ် အခုက နိုင်ငံရေးဆွေးနွေးပွဲကတော့ စထားပြီပေါ့နော် အခုဒီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးထိ ကျင်းပခဲ့ပြီပေါ့နော်။ ဒါပေမယ့် တချိန်တည်းမှာ ဘာဖြစ်လဲဆိုရင် စစ်ရေးကို မရပ်နိုင်ဘူး တိုက်ပွဲတွေက ဆက်ရှိနေတယ် ဒါကြောင့်မို့လို့ ကျနော်တို့ က တိုက်ပွဲတွေကို လုံးဝရပ်ဆိုင်းပြီးတော့ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် လွတ်လွတ်လပ်လပ် ဝိုင်းဝန်းဖြေရှင်းသွားစေချင်တဲ့ စိတ်ဓါတ်ရှိတာပေါ့လေ။”

ဒီကနေ့ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားကိုတော့မြစ်ကြီးနားမြို့ စီတာပူမနောကွင်းမှာ မနက် ၉နာရီခွဲလောက်က စတင်ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားမှာ နိုင်ငံတကာ ဆုလက်ခံရရှိတဲ့ ကချင်အမျိုးသားတွေကို ဂုဏ်ပြုခဲ့ကြောင်း အခမ်းအနား ကျင်းပရေးကော်မတီ အတွင်းရေးမှုး ကိုဇော်ဂျက်က ပြောပါတယ်။

“ဒီနှစ်က ကျနော်တို့ ပြည်သူတွေကို ဂုဏ်ပြုသောအားဖြင့် ဝတ်ပြုဆုတောင်းခြင်းအစီအစဉ်တွေပါတယ် ပြီးတော့ ဆုချီးမြင့်ခြင်းအစီအစဉ်တွေပါတယ်။ ဆုချီးမြင့်တာကတော့ ကျနော်တို့ နိုင်ငံတကာဆုရတဲ့ အောင်လအင်ဆန်တို့ ၊ ဆရာမကြီးဒေါ်ဆိုင်းရော်၊ ဆရာမကြီးလထော်ဂျာနန် ပြီးတော့ ဒေါက်တာခလမ်ဆမ်ဆွန် ပြီးတော့ ကက်သလစ်ဘုန်းတော်ကြီး ဂလန်ဂျွန်လရော်တို့ ပြီးတော့ ဆရာမ အက်စတာထုဆန်ပါတယ်။”

ဆရာမလဖိုင်ဆိုင်ရော်ဟာ ၂၀၁၃ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံက ချီးမြှင့်တဲ့ Ramon Magsaysay ဆု၊ ဆရာမ လထော်ဂျာနန်က ၂၀၁၅မှာ ကုလသမဂ္ဂက ချီးမြှင့်တဲ့ N-Peace Award နဲ့ ၂၀၁၇မှာ ဥရောပသမဂ္ဂက ချီးမြှင့်တဲ့ Schuman award၊ ကချင်နှစ်ခြင်းအသင်းတော်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ၂၀၁၇မှာ ကနေဒါနိုင်ငံ တက္ကသိုလ်က ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့၊ ကက်သလစ်ဘုန်းတော်ကြီး ဂလန်ဂျွန်လရော်က ၂၀၁၆မှာ နိုင်ငံတကာရုပ်ရှင်ဇာတ်လမ်းတိုဆု၊ အောင်လအင်ဆန်းက ၂၀၁၇မှာ One Meiddleweight World Champaion နဲ့ အက်စတာထုဆန်က ၂၀၁၆ခု ပူလစ်ဇာဆုတွေ ရခဲ့တာဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ နှစ်၇၀ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ ပင်လုံစာချုပ်ကို အခြေခံတဲ့ ကချင်ပြည်နယ်သမိုင်းဆိုင်ရာပြဇာတ်ကို တင်ဆက်ခဲ့သလို ကချင်မျိုးနွယ်စုတွေရဲ့ ရိုးရာအကပဒေသာ တေးသရုပ်ဖော်တွေလည်း ကပြတင်ဆက်ခဲ့ကြပါတယ်။

ဒီနေ့ကျရောက်တဲ့ ကချင်ပြည်နယ်နေ့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး သဝဏ်လွှာမှာ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရာမှာ ကချင်ပြည်နယ်က တိုင်းရင်းသားများအားလုံး ပူးပေါင်းပါဝင်ရေးကိုလည်း တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

နှစ်၇၀ပြည့် ကချင်ပြည်နယ်နေ့ကျင်းပ