မြန်မာဒုက္ခသည် ၈,၀၀၀ ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ

မြန်မာဒုက္ခသည် ၈,၀၀၀ ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ

မြန်မာဒုက္ခသည် ၈,၀၀၀ ကျော် ထိုင်းနယ်စပ်မှာ ပုန်းအောင်းနေဆဲ

ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ် အရှေ့ဘက်ခြမ်းမှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ DKBA တပ်တွေကြား တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသူ ဒုက္ခသည်တွေကို ထိုင်းအစိုးရက ဌာနေကို ပြန်လည် ပို့ဆောင်နေပေမဲ့ နယ်စပ်တလျှောက်က အုန်းဖန်၊ ဖွတ်ဖ၊ မဲဆောက် စတဲ့ဒေသတွေမှာ ဒုက္ခသည် ၈,၂၀၀ ကျော် ရှိနေပါသေးတယ်။ သူတို့ဟာ အတည်တကျ နေထိုင်ရတဲ့ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ခွင့် မရဘဲ ယာယီစခန်းတွေမှာသာ နေနေရတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်မှာ မြန်မာစစ်တပ်နဲ့ DKBA တပ်တွေရဲ့ တိုက်ပွဲတွေအတွင်း လက်နက်ကြီးစ ထိမှန်တာ၊ မိုင်းနင်းမိတာ၊ ပေါ်တာဆွဲခံရတာတွေ ဖြစ်နေတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ နေရပ်ရင်းက အလုပ်တွေကို ပစ်ထားပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။

ထွက်ပြေး တိမ်းရှောင်လာသူတွေကို ထိုင်းက စစ်ပွဲတွေ ရပ်တာနဲ့ နေရပ်ရင်းကို ပြန်ပို့နေတာကြောင့် ဒုက္ခသည်တွေက နေရပ်ရင်းကို မပြန်ဘဲ သောင်ရင်းမြစ်တလျှောက် ကမ်းနားတွေက ဝါးရုံရိပ်တွေမှာ နေနေကြသလို တချို့ ထိုင်းဘက်ခြမ်းက ပြောင်းခင်းတွေ၊ လယ်တဲတွေ၊ နီးစပ်ရာ မိသားစုဝင်တွေရဲ့ အိမ်အောက်တွေမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် အရေအတွက် ၈,၀၀၀ ကျော်ရှိကြောင်း ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ မယ်တော်ဆေးခန်းက တာဝန်ရှိသူလည်းဖြစ်၊ မဲဆောက်ဒေသဆိုင်ရာ တာဝန်ခံလည်းဖြစ်တဲ့ ဆရာနေဦးက အခုလို ရှင်းပြပါတယ်။

“၈,၂၀၀ ကျော်တယ်၊ အဲဒီမှာ ဧရိယာ ၄ ခုရှိတာပေါ့။ ဧရိယာ ၄ ခု ဆိုတာက ထဆောင်ယမ်း ဧရိယာရယ်၊ အုန်းဖန် ဧရိယာရယ်၊ ဖွတ်ဖ ဧရိယာရယ်၊ မဲဆောက် ဧရိယာရယ်ပေါ့။ အဲဒီမှာ ဆိုက်တွေ ဆိုက်တွေနဲ့ ခွဲထားတယ်။ အဲဒီမှာ ဆိုက် ၄ ခုဆိုရင် လူဦးရေ အားလုံး ၈,၂၀၀ ကျော်တယ်။”

ထိုင်းစစ်တပ်ဘက်က နေရပ်ရင်းကိုပြန်ဖို့ ပြောနေတာကြောင့် နယ်စပ်တလျှောက်မှာ ဖြစ်သလို နေထိုင်နေကြတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ပြောပြပါတယ်။

“အခုက ကယ်ဆယ်ရေး စခန်းမှ မရှိဘဲ။ ထိုင်းစစ်တပ်က သူတို့ကို ပေးမနေဘူးလေ။ ပေးမနေတော့ သူတို့က ရွာထဲမှာ ရွာခံလူတွေနဲ့ ပေါင်းပြီး ရွာထဲမှာရှိတဲ့ အိမ်တွေမှာ နေတယ်။ ပြီးတော့ ချောင်း ကမ်းနား ဝါးရုံပင်အောက်၊ သစ်ပင်အောက်တွေမှာ နေတယ်။ နောက် တချို့ကတော့ သူများ လယ်တဲတို့၊ ပြောင်းဖူးတဲတို့ အဲဒီမှာ တောင်းပြီး နေကြတယ်။”

ဒုက္ခသည်တွေကို အခြေခံ အစားအစာတွေဖြစ်တဲ့ ဆန်၊ ဆီ၊ ပဲ၊ ငါးသေတ္တာနဲ့ ကလေးနဲ့ အမျိုးသမီးတွေအတွက် အဝတ်အစားတွေကို ပေးဝေမှုတွေ လုပ်ခဲ့ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ယာယီဆေးခန်းလေးတွေ ဖွင့်ပြီး အကူအညီ ပေးခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ဆိုပါတယ်။ အခုလက်ရှိ ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ပတ်သက်ပြီး ကုသပေးနေရတာတွေကိုလည်း ပြောပြပါတယ်။

“အခုလောလောဆယ် ကျနော်တို့ တွေ့နေရတာတော့ ပြေးရင်း လွှားရင်းနဲ့ အသက်ကြီးပိုင်းတွေကြတော့ လဲကျလို့ ဒဏ်ရာရတာနဲ့ များသောအားဖြင့် ကလေးသူငယ်လေးတွေ အအေးမိတာပေါ့၊ နှာစေးတယ်၊ အအေးမိတယ်၊ အဲဒီဟာတွေပဲ ပိုများတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တွေရော၊ ကလေးငယ် ရက်ပိုင်းသားလေးတွေလည်း ရှိတယ်။ အဲဒီလိုမျိုးကြတော့ ကျနော်တို့က ကလေးနဲ့ ပတ်သက်တဲ့ အနွေးထည်လိုမျိုး၊ အင်္ကျီတို့၊ ဦးထုပ်တို့ အဲဒီလိုမျိုးတွေကအစ သူတို့ကို ပြန်ပြီး ပံ့ပိုးပေးတယ်။”

ဒုက္ခသည်တွေအနေနဲ့ စစ်ပွဲတွေ မပြီးဆုံးသေးတဲ့အတွက် လုံခြုံမှုမရှိတဲ့ အခြေအနေအောက်မှာ ပြန်ဖို့အတွက် မသင့်သေးကြောင်းတွေကိုလည်း ပြောပြပါတယ်။

“လက်ရှိ အခြေအနေက ပြန်ဖို့တော့ မသင့်တော်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မဲဆောက်ဧရိယာမှာရှိတဲ့ ဖလူးခွင်ဆိုရင် နေ့တိုင်း တိုက်ပွဲရှိတယ်။ ပြောက်ကျားအနေနဲ့ကတော့ တရက်ကို တပွဲလောက်ကတော့ ဖြစ်နေတယ်။ မနေ့ကပဲ ရသေ့တောင်ဆိုတဲ့ ရွာမှာ တိုက်ပွဲဖြစ်တဲ့ အခါကြတော့ အဲဒီ ရသေ့တောင်မှာရှိတဲ့ ရွာသားတွေက ထွက်ပြေးလာတယ်။ ကျနော်တို့ မြင်ရတဲ့ ဒုက္ခသည်ကတော့ ရွာထဲမှာ တိုက်ပွဲဖြစ်တယ်၊ နောက် ရွာထဲမှာ လက်နက်ကြီးတွေ ကျတယ်ဆိုတော့ သူတို့က မနေရဲဘူး။ နေလို့မရဲတော့ သူတို့က ဒီဘက်ကို ပြေးလာရော။ နည်းနည်း သေနတ်သံ မကြားဘူးဆိုရင် ယောက်ျားလေးတွေက ခဏတဖြုတ် အိမ်ပြန်ကြည့်တယ်။

“နောက်တခုက သူတို့ မပြန်ရဲတာက ပြန်သွားပြီးရင် ပေါ်တာအဖြစ် သူတို့ကို ဖမ်းတာ။ နောက်တခုက အခု နအဖကလည်း အမိန့်ထုတ်ထားတာ ရှိတယ်။ အခု သူတို့ ရှင်းလင်းရေး လုပ်တဲ့အချိန်မှာ တွေ့တာနဲ့ DKBA ဖြစ်ဖြစ်၊ KNU ဖြစ်ဖြစ်၊ ရွာသားပဲဖြစ်ဖြစ် ပစ်ဖို့ပဲ အမိန့်ပေးထားတယ်။ အဲဒီအတွက်ကြောင့်လည်း ရွာသားတွေက ပြန်ဖို့မရဲဘူး။ ပစ်မှာပဲ၊ ရွာထဲမှာလည်း လူတွေ တယောက်မှ မရှိတော့ဘူး။”

ပြီးခဲ့တဲ့ရက်ကပဲ ထိုင်းနိုင်ငံဘက်ခြမ်း ကယ်ဆယ်ရေးစခန်းမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံက လုံခြုံမှု မရှိသေးဘဲ ပြန်လည်ပို့ဆောင်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ တခြားနိုင်ငံကနေ ဒုက္ခဖြစ်ပြီး ထွက်ပြေးလာသူတွေကို နေရင်းနိုင်ငံမှာ လုံခြုံမှု မရှိမချင်း ပြန်မပို့ဘဲ စေတနာ့ဝန်ထမ်းအဖြစ် လက်ခံထားရမယ် ဆိုတဲ့ ကုလသမဂ္ဂရဲ့ အခြေခံ စံတွေနဲ့ မကိုက်ညီဘူးလို့ UNHCR က ထိုင်းအာဏာပိုင်တွေကို ပြစ်တင် ရှုတ်ချကြောင်းကိုလည်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း မြန်မာဘက်က တိုက်ပွဲဖြစ်တိုင်း ထိုင်းနိုင်ငံဘက်က လက်ခံပေးတာကိုတော့ ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

အခုလက်ရှိ နယ်စပ်တလျှောက် ဒုက္ခသည်တွေ နေထိုင်နေတာကိုတော့ ထိုင်းစစ်တပ်က သိရှိပေမဲ့ ကယ်ဆယ်ရေး စခန်းတွေ အကြာကြီးဖွင့်ပြီး လက်မခံတာကလွဲရင် သိသာထင်ရှားတဲ့ အနှောင့်အယှက် ပေးမှုတွေကိုတော့ မလုပ်သေးပါဘူး။