ကရင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ

landmine- (ဓာတ်ပုံ- Karen News/ယခင်ပုံဟောင်း)


{{Zawgyi/Unicode}}

ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဖားအံ-လှိုင်းဘွဲလမ်းမှာ မိုင်းခွဲတိုက် ခိုက်ခံရပေမဲ့ သေဆုံး ဒဏ်ရာရသူ မရှိဘူးလို့ စစ်ကောင်စီက ပြောပါတယ်။ လက်ရှိ စစ်ရေးတင်းမာနေတဲ့ လှိုင်းဘွဲမြို့နယ်ဘက်က ဒေသခံတွေကတော့ လုံခြုံရေးစိုးရိမ်နေကြပါတယ်။ ဒီအကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက တင်ပြပေးထားပါတယ်။

လှိုင်းဘွဲမြို့က အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားအပြီး ဖားအံမြို့ဘက်ကို ပြန်လာတဲ့ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ စောမြင့်ဦး လိုက်ပါလာတဲ့ယာဉ်တန်းဟာ နိုဝင်ဘာ ၂၁ ရက် တနင်္ဂနွေနေ့မနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ဖားအံ-လှိုင်းဘွဲလမ်းမှာ တိုက်ခိုက်ခံရမှုအတွင်း ယာဉ်တချို့ထိခိုက်မှုရှိခဲ့ပေမယ့် လူသေဆုံးမှုမရှိဘူးလို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

"ကရင်ဥက္ကဋ္ဌ ဦးစောမြင့်ဦး။ သူကတော့ လှိုင်းဘွဲ့မြို့က အောက်စီဂျင်ဖွင့်ပွဲအခန်းအနားကိုတက်ရောက်တယ်။ တက်ရောက်ပြီးတော့ပြန်လာတယ်။ပြန်လာတဲ့အချိန်မှာတော့လှိုင်းဘွဲရဲ့ အနောက်တောင်ဘက် မီတာ (၅,၀၀၀) လောက်မှာ တော့ ရီမုမိုင်းတလုံး ဖောက်ခွဲခံခဲ့ရတာရှိတယ်။ ဖောက်ခွဲခံရတာရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့လူ ထိခိုက်မှုတော့မရှိပါဘူး။ ယာဉ်တန်းထဲမှာပါတဲ့ကားကတော့ မိုင်းစအနည်းငယ် ထိမှန်တာရှိပါတယ်။"

ရေပူ (မောကို) လမ်းခွဲနေရာမှာ ပြည်နယ်ဝန်ကြီးချုပ်စီးလာတဲ့ ယာဉ်တန်းတိုက်ခိုက်ခံရမှုမှာ အနည်းအကျဉ်းသာ ထိခိုက်ခဲ့တယ်လို့ လှိုင်းဘွဲဒေသခံ စောမောင်သန်းကလည်း ပြောပါတယ်။

"ရေပူမှာလား။ ဆွဲမိုင်းနဲ့ အဆွဲခံလိုက်ရတယ်။ လှိုင်းဘွဲနဲ့ဘားအံကြားမှာပေါ့။ ကားတွေကမောင်းနေတာဆိုတော့ သူကခွဲလိုက်တာ အစလေးပဲ နဲနဲပါးပါးထိတယ်။"

ဒီတိုက်ခိုက်မှု ဘယ်သူ့လက်ချက်လဲဆိုတာတော့ အခုအချိန်အထိ မသိရသေးပါဘူး။ အခုလိုတိုက်ခိုက်ခံရတဲ့ နေရာဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်နေတဲ့ နယ်ခြားစောင့် BGF အဖွဲ့တွေ လှုပ်ရှားတဲ့နေရာဖြစ်ပါတယ်။ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်နဲ့ ဖားပွန်မြို့နယ်အစပ်ဘက်မှာတော့ KNU ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၅ အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ကြား စစ်ရးတင်းမာနေပါတယ်။

အခုလို ပွင့်လင်းရာသီမျိုးမှာ စစ်တပ်က လှိုင်းဘွဲ့ကနေ ဖားပွန်အထိ တပ်စားနပ်ရိက္ခာတွေသယ်ပို့နေတာကြောင့် တိုက်ပွဲတွေ ကြိုကြား ကြိုကြားဖြစ်လေ့ရှိတယ်လို့ စောသန်းမောင်ကပြောပါတယ်။

"ကမမောင်းနဲ့ဖားပွန်ကြားမှာဖြစ်တယ်။ ဖားပွန်ဘက်ရိက္ခာပို့ရမှာကိုး။ နှစ်တိုင်းပို့နေကျလေ။ အခုမှစပို့ဖို့အတွက် သူတို့ကလုံခြုံရေး ယူတယ်ပေါ့- စစ်တပ်က။ ဖားပွန်မှာလည်း တပ်ရင်း (၄) ရင်း ရှိတာကိုး။"

စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဖားပွန်မြို့နယ်ဘက်မှာ စစ်တပ်ယာဉ်တန်းကို အခုရက်ပိုင်း မိုင်းခွဲတိုက်ခိုက်ခံရမှု ရှိခဲ့တယ်လို့ ပြောပါတယ်။

"ဖားပွန်ဘက်မှာတော့ ခေါပုတ်ဘက်မှာတော့ မိုင်းခွဲတဲ့ဖြစ်စဉ်ရှိခဲ့တယ်။"

ခုလို စစ်ရေး မတည်မငြိမ်ဖြစ်နေတာကြောင့် လှိုင်းဘွဲ့မြို့နယ်နဲ့ဖားပွန်မြို့နယ်ဘက် မှာ ဒေသအတွင်းလုံခြုံရေးအခြေအနေစိုးရိမ်နေရတယ်လို့ ဖားပွန်ဒေသခံတဦးကပြောပါတယ်။

"အခုကလဲ တောထဲမှာဆိုရင်မိုင်း၊ အတွင်းပိုင်းကလည်း အစိုးရ။ တော်တော်ခက်ခဲကြတယ်။ အပြင်ကိုထွက်လို့မရဲဘူး။ သစ်ခုတ် ဝါးခုတ်အကုန် ဘယ်မှာထင်းသွားလုပ်စားရမလဲ။ သွားလို့လည်း ဘယ်မှာမှမရဲဘူး။"

ကရင်ပြည်နယ် ဖားပွန်မြို့နယ်ဘက်မှာ မြန်မာစစ်တပ်ရိက္ခာပို့ဖို့အတွက် ကားလမ်းဖောက်လုပ်ရေးကိစ္စနဲ့ပက်သက်ပြီး ၂၀၁၈ခုနှစ် မတ်လက စလို့ KNU ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ ၅ အဖွဲ့နဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးလာခဲ့တာ ဖြစ်ပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံရွာသားသောင်းချီဟာ ထိုင်း မြန်မာနယ်စပ်ဒေသတွေအပါအဝင် ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင် ခိုလှုံနေကြရပါတယ်။

Your browser doesn’t support HTML5

ကရင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ


===========

{{Unicode}}















#MyanmarMilitary #KarenFighting #MyanmarViolence #VOABurmese

===========