အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသမှာ အိန္ဒိယတပ်ဖွဲ့တွေက စစ်သွေးကြွ နှိမ်နင်းရေး စစ်ဆင်ရေးတရပ် တနင်္ဂနွေနေ့က လုပ်တာမှာ သီးခြားဖြစ်စဉ်သုံးခုအတွင်း လူ ၁၈ ယောက် သေဆုံးပါတယ်။
တိုက်ပွဲတွေအတွင်း စစ်သွေးကြွ ၁၁ ယောက်၊ စစ်သား ၃ ဦးနဲ့ အရပ်သား လေးဦး သေဆုံးတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ ညွှန်ကြား ရေးမှူးချုပ် S. P. Vaid ကပြောပါတယ်။
စစ်ဆင်ရေးအတွင်း သေဆုံးတဲ့ စစ်သွေးကြွတွေဟာ Party of Soldiers လို့ဆိုရမယ့် Hizbul Mujahideen အဖွဲ့နဲ့ Army of the Righteous လို့ဆိုရမယ့် Lashkar-e-Tayaba အဖွဲ့ဝင်တွေဖြစ်တယ်လို့လည်းဆိုပါတယ်။ အဲဒီနှစ်ဖွဲ့စလုံးကို အကြမ်းဖက်ဝါဒီအဖွဲ့ တွေအဖြစ် အိန္ဒိယနဲ့ အမေရိကန်တို့က သတ်မှတ်ထားတာပါ။
လိုက်လံရှာဖွေတဲ့ စစ်ဆင်ရေးအတွင်း စစ်သွေးကြွတဦးက ရဲတပ်ဖွဲ့မှာ လက်နက်ချခဲ့တယ်လို့ ရဲ ညွှန်ချုပ် Vaid က ဗွီအိုအေကို ပြောပါတယ်။ ဒီစစ်ဆင်ရေးကို “မကြာသေးခင် သီတင်းပတ်တွေအတွင်း အအောင်မြင်ဆုံး စစ်ဆင်ရေး” အဖြစ် Vaid က သတ်မှတ် ပြောဆိုပါတယ်။
ကက်ရှ်မီးယားဒေသရဲ့ အဓိကမြို့ Srinagar တောင်ဘက်မှာဖြစ်တဲ့ တိုက်ပွဲတွေအတွင်း အိန္ဒိယစစ်သားတွေနဲ့ စစ်သွေးကြွတွေ သေဆုံးတာပါ။ ကက်ရှ်မီးယားဒေသကို အိန္ဒိယနဲ့ ပါကစ္စတန်တို့ ခွဲပြီး အုပ်ချုပ်နေပေမဲ့ ဒေသတခုလုံးကို ပိုင်တယ်လို့ နှစ်နိုင်ငံလုံး က ပြောထားတာပါ။ ကက်ရှ်မီးယားဒေသတခုလုံးကိုရဖို့ အိန္ဒိယနဲ့ စစ်သုံးကြိမ်တိုက်ခဲ့တဲ့ ပါကစ္စတန်က ဒီစစ်ဆင်ရေးဟာ “အဆင် ခြင်မဲ့ လူသတ်ပွဲ” အဖြစ် ပြစ်တင် ရှုတ်ချလိုက်ပြီး သေဆုံးသူတွေဟာ အပြစ်မဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။
နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှလက်ထဲကနေ လွတ်လပ်ရေးရချိန် ကတည်းကစပြီး ကက်ရှ်မီးယားဒေသကို ပိုင်းခြား အုပ်ချုပ်လာတာဖြစ်ပါတယ်။
Your browser doesn’t support HTML5