ဒီးမော့ဆိုမြို့နယ်တွင်း ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

Demoso (Photo: MIMU)

[[Zawgyi/Unicode]]

ကယားပြည်နယ် ဒီးမော့ဆိုမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်နေတာ ဒီနေ့ ဇန်နဝါရီလ ၃ ရက်မှာ ၄ ရက် ဆက်တိုက်ရှိနေပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဒီးမော့ဆိုမြို့ဘက်က တိုက်ပွဲ အခြေအနေအကြောင်း ရန်ကုန် က လာတဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေကနေစလို့ ဒီနေ့ ဇန်နဝါရီလ ၃ ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြားတိုက်ပွဲတွေက် နေ့စဉ်ဖြစ်နေပါတယ်။ ဒီနေ့တနင်္လာနေ့မှာ ညနေပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေး KNDF အဖွဲ့က ဗီအိုအေကိုပြောပါတယ်။ ဒီနေ့ အထိ ၄ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်နေတယ်လို့ ဒေသခံက ပြောပါတယ်။ ၃၁ ရက်နေ့က တိုက်ပွဲတုန်းက စစ်တပ်ဘက်က လေကြောင်းကနေပါ တိုက်ခိုက်တယ်လို့ ဒီးမော့ဆိုဒေသခံက အခုလိုပြောပါတယ်။

“တိုက်ပွဲကတော့ အခြေအနေတော်တော်ဆိုးတယ်ပေ့ါနော်။ နောက်ပြီးခဲ့တဲ့ လွန်ခဲ့တဲ့ ရှေ့၂ ရက်လောက် လွန်ခဲ့တဲ့ ၃ ရက်လောက်ပေါ့နော်။ အဲ့ဒီမှာလည်း တိုက်လေယာဉ်နဲ့ ဗုံးကြဲလာတာမျိုး အဲ့အထိဖြစ်တာပေါ့နော်။ (တိုက်ပွဲအတွင်း) ပြည်သူ့ကာကွယ်ရေးတပ်ဖက်က ကျတာမျိုးလည်း ရှိတယ်ဗျ။ မနေ့ညက ၂ ယောက်ကျတယ်။ ဟိုတနေ့ကတော့ လက်နက်ကြီး မှန်လို့ဆိုပြီး ထိခိုက်ဒဏ်ရာရတာလည်း ရှိတာပေ့ါနော်။ (တိုက်ပွဲနဲ့) ၃၊ ၄ မိုင်လောက် ဝေးတဲ့ရွာတွေတောင် လက်နက်ကြီးကျတဲ့အသံ မခံနိုင်ကြဘူးပေါ့နော်။ လက်နက်က အဲ့လိုမျိုး အလွန်အကျွံ သုံးတာမျိုးလည်း ဖြစ်တယ်။"

ဒီဇင်ဘာ ၃၁ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေအပြင် တိုက်လေယာဉ်တွေနဲ့ပါ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ၂ ဦး ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက သတင်းထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုမြို့၊ ငွေတောင်ဆည် လမ်းဆုံအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-PDF က ဦးဆောင်ပြီး မဟာမိတ် PDF ပူးပေါင်းတပ်အပါအဝင် အခြားတော်လှန်ရေးအင်အားစုတပ်တွေနဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက သတင်းထုတ်ပြန်ထားပါတယ်။

လနဲ့ချီကြာနေပြီဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ ထွက်ပြေးခိုလှုံနေကြရသူ သောင်းနဲ့ချီ ရှိနေပါတယ်။ စစ်တပ်ဘက်က လမ်းကြောင်းတော်တော် များများကို ပိတ်ဆို့ စစ်ဆေးနေတာကြောင့် စားရေးသောက်ရေး အခက်အခဲဖြစ်နေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့အထိတိုက်ပွဲတွေဖြစ်နေလို့ စားသောက်ကုန်တွေ ဝယ်ဖို့ ခက်ခဲနေတဲ့အကြောင်း ဒေသခံတယောက်က ခုလို ပြောပြပါတယ်။

“အခုတိုက်ပွဲဖြစ်တဲ့ နေရာက ဒီးမော့ဆိုမြို့ပေါ်ပေ့ါနော်။ မြို့မရဲစခန်းရယ် နောက် ငွေတောင်ဆည်မှာ ရယ်ပေ့ါနော်။ အဲ့ဒီနေရာလေး တိုက်ပွဲဖြစ်တယ်ဆိုတော့ အဲ့ဒီနေရာက ဟိုအရင်ရင် ကတည်းက စစ်ပြေးရှောင်နေတဲ့ နေရာတွေပေါ့နော်။ မိသားစုတောင်မှ ထောင်ဂဏန်းလောက်ရှိပြီးဆိုတော့ လူဦးရေဆိုရင်တော့ သောင်းဂဏန်းလောက်တော့ ရှိမှာပေါ့နာ်။ အနည်းဆုံးကတော့။ စားသောက်ကုန် လည်း ဝယ်ယူရတာလည်း ခက်ခဲတယ်။ ဈေးနှုန်းကတည်း နှစ်ဆလောက်တက်သွားတယ်ပေ့ါနော်။”

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း ကယားပြည်နယ်ထဲမှာ ကရင်နီအမျိုးသားကာကွယ်ရေး KNDF ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲ စုစုပေါင်း ၁၃၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ KNDF ဖက်က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်က ၁၃ ဦး၊ အရပ်သားဒေသခံ ၁၄၆ ဦး သေဆုံးခဲ့တယ်လို့ ဒီကနေ့ ဇန်နဝါရီလ ၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ဒီးမော့ဆိုမြို့နယ်တွင်း ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား

===========

[[Unicode]]











==========