ကာဇက်စတန်လေကြောင်း လေယာဉ်ပျက်ကျ၊ ၁၂ ဦးသေဆုံး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ

ပျက်ကျလေယာဉ်အနီး ထိခိုက်ဒဏ်ရာရသူများအား ရှာဖွေနေသည့် ကယ်ဆယ်ရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

လူပေါင်း ၉၀ ကျော် လိုက်ပါလာတဲ့ ကာဇက်စတန် လေကြောင်းလိုင်းက လေယာဉ်တစင်းဟာ ဒီနေ့အစောပိုင်းမှာပဲ ပျံတက်ပြီး သိပ်မကြာခင် ပျက်ကျခဲ့ရာက လူ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Almaty အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းက ပျံတက်လာတဲ့ Bek Air လေကြောင်းပိုင် လေယာဉ်ဟာ ကွန်ကရစ်ခြံစည်းရိုးနဲ့ နှစ်ထပ် အဆောက်အဦတခုကို ဝင်တိုက်ခဲ့ကြောင်း ကာဇက်စတန် အရပ်ဖက်လေကြောင်း ကော်မတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

သေဆုံးသူ ၁၅ ယောက်ရှိကြောင်း အစောပိုင်းမှာ ဒေသခံ အာဏာပိုင်တွေက ပြောဆိုခဲ့ကြပေမယ့် နောက်ပိုင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနက အရေအတွက်ကို လျှော့ချ ထုတ်ပြန်ခဲ့ပါတယ်။

Fokker-100 အမျိုးအစား လေယာဉ်ဟာ တချိန်က Astana အဖြစ် လူသိများခဲ့တဲ့ မြို့တော် Nur-Sultan ကို ဦးတည်ပျံသန်းစဉ် ဒေသစံတော်ချိန် ၇ နာရီ ၂၂ မိနစ်မှာ မတော်တဆမှုနဲ့ ကြုံခဲ့ရတာပါ။

လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေချိန်မှာပဲ Bek Air လေကြောင်းပိုင် Fokker-100 အမျိုးအစား လေယာဉ်တွေကို ပျံသန်းမှုတွေ ယာယီ ရပ်နားလိုက်ကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ လတ်တလော အာဏာပိုင်တွေ ထုတ်ဖော်မပြောသေးပါဘူး။

တာဘိုဂျက်အင်ဂျင် ၂ လုံးတပ် အလယ်အလတ်အရွယ် Fokker-100 အမျိုးအစား လေယာဉ်တွေကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီကတော့ ၁၉၉၆ ခုနှစ်မှာပဲ အရှုံးပေါ်ပြီး နောက်တနှစ်ကစလို့ လုပ်ငန်းတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။

---------------------------------

(Unicode)









Your browser doesn’t support HTML5

ကာဇက်စတန်လေကြောင်း လေယာဉ်ပျက်ကျ၊ ၁၂ ဦးသေဆုံး ၂၀ ကျော် အပြင်းအထန် ဒဏ်ရာရ