ကန် နိုင်ငံခြားရေးဝန်ကြီး အာဖဂန်ရောက်ရှိ

ဧပြီလ ၉ရက်နေ့က ကာဘူးလ် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီကို တွေ့ရစဉ်။ (ဓါတ်ပုံ -REUTERS/Jonathan Ernst)

အာဖဂန်နစ္စတန် ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး ပိုပြီးရဖို့ နည်းလမ်းပေါင်းစုံနဲ ကြိုးပမ်းသွားမယ်လို့ အာဖဂန် နိုင်ငံခြားရေးဝန်ကြီး Salahuddin Rabbani ကပြောလိုက်ပါတယ်။

ဒါပေမယ့် စေ့စပ်ဆွေးနွေးပွဲကို တာလီဘန်တို့ ရောက်မလာ ခဲ့ရင်တော့ အောင်မြင်မှုရမှာမဟုတ်ဘူး လို့လည်း သူကဆိုပါတယ်။ အရှေ့ အလယ်ပိုင်းနဲ့ အာရှခရီးစဉ် တစိတ်တပိုင်းအဖြစ် အာဖဂန်နစ္စတန်နိုင်ငံကို ကြိုတင် ကြေငြာခြင်း မရှိပဲ ရောက်ရှိလာတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ စနေနေ့က နှစ်နိုင်ငံကော်မရှင်ကြား တွေ့ဆုံတဲ့ အစည်းအဝေးအတွင်း မစ္စတာ Rabbani ကပြောဆို သွားတာပါ။

ကာဘူးလ်ကို တရက်ခရီးစဉ် နဲ့ရောက်ရှိနေတဲ့ မစ္စတာ ကယ်ရီဟာ သမ္မတ Ashraf Ghani အစိုးရ အဖွဲ့ အကြီးအကဲ Abdullah Abdullah တို့နဲ့လည်း တွေ့ဆုံပါတယ်။ ဝန်ကြီးကယ်ရီရဲ့ ခရီးစဉ်အတွင်း အာဖဂန်အစိုးရနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်ပြီး ကျင်းပနိုင်ဖို့ အားပေးသွားမယ့် အချက်ကလည်း အဓိက ဆွေးနွေးမယ့် အကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။

အမေရိကန်၊ အာဖဂန် နစ္စတန်၊ ပါကစ္စတန်နဲ့ တရုတ်နိုင်ငံတို့ လေးဦး လေးဖလှယ်ပါဝင်တဲ့ ညှိုနှိုင်းဆောင်ရွက်တဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်တိုးနိုင်အောင် ကြိုးပမ်းနေကြ တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မတ်လတုန်းက ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တာလီဘန် ကိုယ်စားလှယ်တွေ မတက်ရောက်ခဲ့ပါဘူး။

အာဖဂန်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး လိုအပ်နေတယ်လို့ မစ္စတာ ကယ်ရီက မီးမောင်းထိုး ပြောဆိုသွားပါတယ်။ အာဖဂန် အစိုးရနဲ့ တာလီဘန် တို့ကြား ဆွေးနွေးပွဲတွေ တကယ်ပဲ ဖြစ်လာနိုင်ပါဦးမလား ဆိုပြီး လေ့လာသုံးသပ်သူတွေက သံသယ ရှိနေကြတာလည်း ဖြစ်ပါတယ်။