သြစတီးယားနိုင်ငံ၊ ဗီယာနာမြို့မှာ ဒီကနေ့ ကျင်းပနေတဲ့ နိုင်ငံပေါင်း ၁၇ နိုင်ငံပါ ဆီးရီးယားအရေး နိုင်ငံတကာကူညီရေးအဖွဲ့ ISSG ရဲ့ အစည်းအဝေးမှာ ငါးနှစ်ကြာ ဆီးရီးယားစစ်ပွဲ အဆုံးသတ်နိုင်ရေး သံတမန်တွေ အဓိကထား ဆွေးနွေးနေကြပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်တွေကိုတော့ ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ရှင်းပြပါတယ်။
“ဒီဆွေးနွေးပွဲကနေ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာအောင် ဖန်တီးသွားဖို့ပါ။ Aleppo မြို့မှာတင်မဟုတ်ပါဘူး အနီးပတ်ဝန်းကျင်ဒေသတွေအားလုံးမှာ ဒီလိုအခြေအနေဖြစ်လာဖို့ပါ။ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေသွားဖို့ ဖြစ်ပါတယ်လို့” ဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး Frank-Walter Steinmeier က ပြောသွားတာပါ။
ရပ်တန့်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့၊ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက် ပျက်မသွားအောင် ထိန်းသိမ်းဆောင်ရွက်ရာမှာ ကြုံတွေရတဲ့ အခက်အခဲတွေနဲ့ ကုလသမဂ္ဂ အနေနဲ့ လိုအပ်တဲ့နေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေ ထိရောက်အောင် ပေးနိုင်ဖို့ကိစ္စရပ်တွေကို ဆွေးနွေးနေကြတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်က စတင်အသက်ဝင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ တိုင်းပြည်တွင်း အကြမ်းဖက်ဖြစ်ရပ်တွေကို အစပိုင်း သိသိသာသာ လျော့ကျစေခဲ့ပေမဲ့လို့ နောက်ပိုင်းမှာတော့ ဒီတိုးတက်မှုတွေ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့တာပါ။
Your browser doesn’t support HTML5
ဆီးရီးယားအရေး နိုင်ငံတကာကူညီရေးအဖွဲ့ ဆွေးနွေး
Your browser doesn’t support HTML5
ဆီးရီးယားအရေး နိုင်ငံတကာကူညီရေးအဖွဲ့ဆွေးနွေး