IS စစ်ဆင်ရေး အပေါ် ရုရှားဝေဖန်ချက် Kerry ပယ်ချ

ဆော်ဒီအာရေးဗီးယားနိုင်ငံရောက် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (စက်တင်ဘာ ၁၁၊ ၂၀၁၄)

Islamic State အစ္စလာမ်အစွန်းရောက်တွေကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ဖို့ ကြိုးပမ်း ဆောင်ရွက်မှုတွေဟာ သူ့သဘောနဲ့သူ လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ရုရှားနိုင်ငံရဲ့ ပြောဆိုမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပယ်ချလိုက်ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လတ်တလော ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ Crimea ဒေသကို သိမ်းပိုက်လိုက်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ထားတဲ့ ရုရှားနိုင်ငံက အခုလို နိုင်ငံတကာ ဥပဒေချိုးဖောက်တယ်၊ ကုလသမဂ္ဂနဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ် စသည်ဖြင့် ပြောဆိုတာတွေဟာ ရယ်စရာ ဖြစ်နေကြောင်း သူနဲ့အတူ လိုက်ပါသွားတဲ့ သတင်းထောက်တွေကို ဝန်ကြီးကယ်ရီက ဆော်ဒီ အာရေးဗီးယားနိုင်ငံမှာ အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Islamic State အစ္စလာမ် အစွန်းရောက်တွေဟာ ရုရှားနိုင်ငံကိုပါ ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တယ်ဆိုတာ သဘောပေါက်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းနဲ့ ရုရှားအနေနဲ့ ISIL အဖွဲ့ရဲ့ အန္တရာယ်ကို စိုးရိမ် ပူပန်ဖို့လိုကြောင်း ဗွီအိုအေနဲ့ သီးခြား ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ဝန်ကြီးကယ်ရီက ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းက အစ္စလာမ်အစွန်းရောက်တွေကို တိုက်ခိုက်ဖို့ သမ္မတ Barack Obama က ခြိမ်းချောက် ပြောဆိုမှုကို ရုရှားက ကြာသပတေးနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဆီးရီးယားအစိုးရ၊ ဒါမှမဟုတ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကြိုတင် တိုင်ပင်ခြင်း မရှိဘဲ လုပ်ဆောင်တဲ့ အဲဒီလို လုပ်ရပ်မျိုးဟာ ကျူးကျော် ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို အလွန်အကျွံ ကျူးလွန်ခြင်း ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Alexander Lukashenvich က ပြောပါတယ်။