ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အစိုးရက လွှတ်ပေးလိုက်တဲ့သူတွေထဲမှာ အရင်စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လည်း ပါပါတယ်။ ၂၀၀၄ ခုနှစ်မှာ ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ်ကျခဲ့တဲ့ ဦးခင်ညွန့်က နေအိမ် အကျယ်ချုပ်ကနေ လွတ်လာချိန်မှာ သူ့ရဲ့ အိမ်ရှေ့မှာစောင့်နေကြတဲ့ သတင်းသမားတွေကို ထွက်နှုတ်ဆက်ပြီး မေးခွန်းတချို့ ဖြေကြားခဲ့ပါတယ်။ လက်ရှိနိုင်ငံရေး အခြေအနေ၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်တွေကို ပြောသွားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
အခုတစ်ခေါက်ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများအပြား ပါသလို အရင် ထောက်လှမ်းရေး အရာရှိဟောင်းတချို့နဲ့ အကောက်ခွန် ဝန်ထမ်းတချို့ ပါပါတယ်။ အဲဒီထဲမှာ အရင် နဝတ၊ နအဖ စစ်အစိုးရတွေ လက်ထက်မှာ သြဇာအကြီးအမားဆုံး ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လည်း ပါပါတယ်။ ရန်ကုန်မြို့က သူ့ရဲ့ နဝဒေးအိမ်မှာ နေအိမ်အကျယ်ချုပ် ကျခဲ့တဲ့ ဦးခင်ညွှန့်အပြင် သူနဲ့အတူ နေအိမ်အကျယ်ချုပ် ကျနေကြတဲ့ တမိသားစုလုံး ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ သီးခြားစီ နေအိမ်အကျယ်ချုပ်ကျနေတဲ့ သူ့ရဲ့ သား နှစ်ယောက်လည်း ပြန်ပြီးလွတ်လာခဲ့ပါတယ်။ ခုလိုပြန်လွတ်လာတဲ့ ဦးခင်ညွန့်က ခြံပြင်မှာ စောင့်နေကြတဲ့ သတင်းထောက်တွေကို နှုတ်ဆက်ခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အကောင်းမြင်တယ်လို့ ဦးခင်ညွန့်က ခုလို ပြောပါတယ်။
“ကောင်းတယ်လို့ပဲ မြင်ပါတယ်။ အခု လုပ်နေကိုင်နေတာတွေ၊ အသေးစိတ်ကတော့ လေ့လာပြီးတော့ ကြည့်ရမှာပေါ့လေ။ ဒါပေမဲ့ အခုမြင်ရတဲ့ ဥစ္စာကတော့ ကောင်းတယ်၊ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတယ်ဆိုတာ သိပ်ကောင်းတဲ့ လက္ခဏာပဲ။ နောက် နိုင်ငံတကာကနေလည်း လာနေကြတယ်။ သိပ်ကောင်းပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် ကောင်းရာကောင်းကျိုးအတွက် တိုင်းပြည် တိုးတက်မယ်လို့ပဲ မြင်ပါတယ်။”
နအဖစစ်အစိုးရ လက်ထက်မှာ ဝန်ကြီးချုပ်တာဝန်ယူပြီး မကြာခင်မှာ မြန်မာနိုင်ငံကို လမ်းပြမြေပုံအဆင့် ၇ ချက်အတိုင်း သွားမယ်လို့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ကြေညာခဲ့တာဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဒီလမ်းပြမြေပုံထဲမှာပါတဲ့ အကောင်အထည် ဖော်နိုင်ပြီလို့ ပြောလို့ရနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က -
“Seven steps ရောက်သွားပြီဆိုတော့ အောင်မြင်တာပေါ့။ တိုင်းပြည်အတွက် လုပ်စရာရှိတာတွေ အကောင်အထည်ဖော်ဖို့ပဲ လုပ်သင့်တယ်။ စီးပွားရေးလည်း အဲဒီအပေါ်မှာ အခြေခံတယ်။ သိပ်ကောင်းပါတယ်။ အောင်မြင်မယ်လို့ပဲ ယူဆပါတယ်။ အောင်မြင်ပါစေလို့ပဲ ဆုတောင်းပါတယ်။”
တပ်မတော် ထောက်လှမ်းရေးမှူးချုပ်အဖြစ်နဲ့ တာဝန်ယူခဲ့တဲ့ ဦးခင်ညွန့်ဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံ ဝင်ဆံ့ရေး၊ အထူးသဖြင့် အာဆီယံနိုင်ငံတွေကြား မြန်မာနိုင်ငံ ဝင်ဆံ့ရေးတွေအတွက် ကြိုးစားခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အတွက် လိုလားသူတစ်ယောက်ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက လက်ခံထားသူ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၀၄ ခုနှစ်မှာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ထိန်းသိမ်းခံခဲ့ရတာဖြစ်တယ်လို့ စစ်တပ်အကြောင်းကို လေ့လာနေသူတွေက သုံးသပ်ကြပါတယ်။ အခုလို သူ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ သတင်းထောက် တစ်ယောက်ရဲ့ အမေးကို သူက ခုလိုဖြေပါတယ်။
“ကျနော်ကတော့ အခုဂျာနယ်တွေ ဖတ်တာပေါ့လေ။ ဆိုတော့ ဂျာနယ်တွေထဲမှာပဲ မြင်ရတွေ့ရတာပဲ ဖြစ်တယ်။ ကျန်တာတော့ ကျနော် အခုအချိန် မပြောသေးဘူး၊ ပြောလို့ မဖြစ်သေးဘူး။”
နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပြီဆိုတော့ ဘာဆက်လုပ်မလဲ ဆိုတဲ့ အမေးကိုတော့ နိုင်ငံရေး လုပ်မှာမဟုတ်ဘူးလို့ ဦးခင်ညွန့်က ဖြေသွားပါတယ်။
“အခုတော့ ဘာမှလုပ်ဖို့ မစဉ်းစားသေးဘူး။ အဘ ဘာမှမစဉ်းစားဘူး။ အခုမှ ထွက်ခါစ ဆိုတဲ့အခါကျတော့ အပြင် ပတ်ဝန်းကျင်နဲ့လည်း အဆက်အသွယ်က မရှိသေးဘူး။ အဲဒီတော့ အပြင်နဲ့လေ့လာပြီးမှပဲ ဘာလုပ်မလဲ ဆိုတာကို။ နိုင်ငံရေးတော့ မလုပ်ပါဘူး။ တိုင်းပြည် ကောင်းရာကောင်းကျိုး အတွက် ပြည်သူတွေ ကောင်းရာကောင်းကျိုး အတွက်ပဲ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်မှာပါ။ ကျန်တာတော့ ဘာမှကြီးကြီးမားမား စဉ်းစားထားတာ မရှိပါဘူး။”
၂၀၀၄ ခုနှစ် အောက်တိုဘာလမှာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အစိုးရအဖွဲ့ထဲက ထုတ်ပယ်ခံရပြီး ဆိုင်းငံ့ပြစ်ဒဏ်နဲ့ နေအိမ်အကျယ်ချုပ် ၄၄ နှစ်ကျနေတဲ့ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဖြစ်ပါတယ်။ ထောက်လှမ်းရေးအဖွဲ့ကပဲ ဗိုလ်မှူးချုပ်ဟောင်း မြင့်ဇော် လည်း ဒီကနေ့မှာ ပြန်လည် လွတ်မြောက်လာပါတယ်။ ဒါ့အပြင် ကွယ်လွန်သူ စစ်အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ သမတ် ဦးအေးဇော်ဝင်းနဲ့ မြေးဖြစ်သူ ဇွဲနေဝင်း တို့လည်း ဒီကနေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။