တွေ့ဆုံဖို့ Trump လက်ခံအပြီး Kim Jong Un ဘက်က အသံတိတ်နေ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက အမေရိကန်သမ္မတဒေါ်နလ်ထရမ့်နဲ့လူပုဂ္ဂိုလ်ချင်းတွေ့ဆုံလိုတယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို သမ္မတထရမ့်က လက်ခံခဲ့ပြီး မေလထဲမှာတွေ့ဆုံကြမယ်လို့ပြန်ပြောခဲ့တဲ့အပေါ်မှာ အခုချိန်ထိ မြောက်ကိုရီးယားဘက်က တုန့်ပြန်မှုရှိမလာသေးဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillersonက မနေ့ကပဲ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားဘက်က တိုက်ရိုက်ပြောဆိုမှု တခုခုရှိလာမလားဆိုပြီး အမေရိကန်ဘက်ကမျှော် လင့်ထားတယ်လို့ လောလောဆယ် နိုက်ဂျီးရီးယားနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတေလာဆန် ကဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ပပျောက်ရေးနဲ့တခြားကိစ္စတွေကို ခေါင်းဆောင်၂ဦး မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ဖြေရှင်းနိုင်ဖို့အရေးမှာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ကမ်းလှမ်းချက်ကို သမ္မတထရမ့်က လက်ခံခဲ့တာနဲ့ပတ်သက်ပြီး တုန့်ပြန်ချက် ချက်ချင်းထွက်မလာတဲ့အပေါ်မှာ နိုင်ငံခြားရေးဝန်ကြီးတေလာဆန်က စိုးရိမ်မှုတော့ ရှိပုံမရပါဘူး။

အခုတလောမှာမှ ဖြစ်ပေါ်လာတဲ့တိုးတက်ပြောင်းလဲမှုတွေဖြစ်ပြီး ဘယ်နေရာမှာတွေ့ဆုံကြမှာလဲ ဘယ်အတိုင်းအတာအထိဆွေးနွေးကြမှာလဲ စတဲ့အချက်တွေ သဘောတူညီမှုတွေ ၊ တော်တော်များများလုပ်ဆောင်ဖို့ လည်းလိုပါလိမ့်မယ်။ သိပ်ပြီးစောလွန်းတဲ့အစပိုင်းအခြေအနေတွေဖြစ်တာကြောင့် မေးခွန်းတွေအားလုံးကိုဖြေဖို့က မလွယ်နိုင်ဘူးဆိုတာ ကျနော်သိပါတယ်။ စိတ်ရှည်ရှည်နဲ့ဆက်ပြီးရှိနေရမယ်၊ ဘာတွေဖြစ်လာမလဲဆိုတာ တွေ့ရပါလိမ့်မယ်လို့ အမေရိကန်နိုင် ငံခြားရေးဝန်ကြီး Rex Tillersonက တနင်္လာနေ့မှာပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

တွေ့ဆုံဖို့ Trump လက်ခံအပြီး Kim Jong Un ဘက်က အသံတိတ်နေ