KNU နဲ့ တပ်မတော် ကရင်ပြည်နယ်တွင်း တိုက်ပွဲဆက်ဖြစ်

KNU တပ်ဖွဲ့ဝင်များ

KNU တပ်ဖွဲ့ဝင်များ

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြား ဒီကနေ့ထိ တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိပြီး ၃ရက်အတွင်း မှာ အနည်းဆုံး ၇ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီလို တိုက်ပွဲဖြစ်ပွားတာကြောင့် ကျေးရွာ (၈)ရွာက ဒေသခံပြည်သူတွေဟာ တောတောင်တေ ရှိရာကို ထွက်ပြေး နေကြရကြောင်းလည်း KNU ရဲ့ ဖာပွန်ခရိုင်အတွင်းရေးမှုးက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။

အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ဒီလ ၅ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ဒီကနေ့ထိလည်း ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီလို တိုက်ပွဲစတင်ခဲ့တဲ့ ၃ရက်အတွင်းမှာ အနည်းဆုံးတိုက်ပွဲ ၇ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဖာပွန်ခရိုင် အတွင်းရေးမှုး စောရော်ဘင်က ပြောပါတယ်။

“၅ရက်နေ့က စပြီး ပြောက်ကျား ပုံစံမျိုးပေါ့နော်။ ဖြစ်တာပေါ့နော်။ ၅ရက်နေ့မှာ ၄ကြိမ်ဖြစ်တယ်။ ၆ရက်နေ့မှာ ၂ကြိမ်။ အခု ဒီနေ့ဆိုရင် ၂ကြိမ်ထပ်ဖြစ်ပြီ။ ပြောလို့ရှိရင် ရက်တိုင်းဖြစ်တဲ့ ပုံစံမျိုး ဖြစ်တာပေါ့နော်။ ဒါပေမဲ့ ၅ရက်နေ့မှာ အကြိမ်များတာပေါ့။ ကြီးမားတဲ့ တိုက်ပွဲတော့ မဟုတ်ဘူး။ ရင်ဆိုင် ပစ်ခတ်မှုလေးတွေဖြစ်တာ။ ဗမာစစ်တပ်ဖက်က အခုဝင်လာတဲ့ နယ်မြေဧရိယာတွေက ဒီ ၂၀၁၂ NCA မှာ အပြန်အလှန် ကန့်သတ်တဲ့ နေရာလေးမှာ ကျော်လွန်ပြီး ဝင်လာတဲ့အပေါ်မှာ ထိတွေ့မှုက ဖြစ်လာတယ်လေ။ ”

အစိုးရတပ်မတော်ဖက်က ကျော်လွန်ဝင်ရောက်လာတဲ့နယ်မြေမှာ စစ်ဆင်ရေးအတွက် ကားလမ်းဖောက်ဖို့ ပြင်ဆင်နေကြောင်းလည်း ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် ဒေသတွင်းက ရွာ (၈)ရွာလောက်က ဒေသခံတွေဟာ ထွက်ပြေး တိမ်းရှောင် နေရကြောင်းလည်း စောရော်ဘင်က ပြောပါတယ်။

“လုံးဝနေလို့ မရလို့ ထွက်ပြေးရတဲ့ ရွာအုပ်စုက ၈အုပ်စုဝန်းကျင်လောက်ရှိတယ်။ ၈ရွာလောက်ရှိတယ်ပေါ့နော်။ အဲဒီရွာတွေရဲ့ စာရင်းတွေ ကြည့်ရင် ၁ထောင်ဝန်းကျင်မှာရှိတယ်။ ဒါပေမဲ့ ပြေးတာကတော့ ဘယ်လောက်လဲ ဆိုတာတော့ အတိအကျတော့ မသိရသေးဘူးပေါ့နော်။ ပြေးတာကတော့ သူတို့ တောမှာပဲ လိုက်ပြီးတော့ ပုန်းနေတဲ့အခြေအနေမျိုးပေါ့။ အဲလိုမျိုး။ ရွာသားတွေကတော့ စိုးရိမ်တယ်၊ ကြောက်တယ်။ သူတို့ အလုပ်တေ ပျက်တယ်။ တနှစ်လုပ်မှ တနှစ်ရှာစားရတယ်ဆိုတော့ အလုပ်အမျိုးအစားက အဲလိုရှိတယ်ဆိုတော့ တောင်ယာခုတ်တာ၊ လယ်လုပ်တာ ခု အလုပ်က အဖျက်ခံရပြီပေါ့နော်။ အဲဒါ တနှစ်လုံးလုံး စားရဖို့ဟာလေးတွေက နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်။ စစ်တပ်က နောက်မဆုတ်ဘူး ဆိုရင်ပေါ့နော်။ ”

၃ရက်တာ တိုက်ပွဲအတွင်းမှာ KNU ဖက်မှာ အကျအဆုံးမရှိသလို ရွာသားတွေ ထိခိုက်သေဆုံးတာလည်း မရှိဘူးလို့ ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်ကြောင်းလည်း အခုလို သုံးသပ်ပါတယ်။

“လုံးဝကို ထိခိုက်သွားတယ်။ အဲဒီအပေါ်မှာ ထိခိုက်သွားတယ်။ ကျနော်တို့ အထက်ခေါင်းဆောင်တွေ အများကြီး စကားပြောဖို့တော့ လိုမယ်။ အစကတည်းက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုသော်လည်း ပဲ တနိုင်ငံလုံးအတိုင်းအတာကို မဆောင်နိုင်ခဲ့ဘူး။ အခုကလည်း သေချာထိုးထားတဲ့ ကျနော်တို့ တိုင်းရင်းသားတွေ တောင်မှ အခုလို ဖြစ်တယ်ဆိုရင်တော့ အခက်အခဲအများကြီးဖြစ်ခဲ့ပြီး ငြိမ်းချမ်းနိုင်ဖို့က ယုံကြည်မှုကို ထိခိုက်တယ်ပေါ့နော်။ ဒါ အများကြီးဆွေးနွေးကြဖို့ လိုမယ်။”

KNU နဲ့ တိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်လို့ တပ်မတော်ဖက်က ပြောခွင့်ရသူကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး။

ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U က အတွင်းရေးမှုး၁ ဒေါက်တာ ရွှေခါးရ်ကတော့ တပ်မတော်နဲ့ KNU အကြားမှာ ညှိနှိုင်းတာတွေ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ဆီကိုတော့ တိုင်စာတော့ မရောက်သေးဘူး။ ဒါပေမဲ့ ကျနော် သတင်းကြားတာကတော့ အချင်းချင်း ညှိနှိုင်းနေကြတယ်တဲ့ သတင်းတော့ ကြားတာပေါ့နော်။ သူတို့ တပ်မှုးတွေနဲ့ ကစထတွေနဲ့ ညှိနှိုင်းနေတယ် ပေါ့နော်။ ”

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ ၂၀၁၂ခုနှစ်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး၂၀၁၅ခုနှစ်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ် ရေးထိုးခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီလို လက်မှတ် ရေးထိုးပြီး နောက်မှာလည်း ဖာပွန်ခရိုင်အတွင်းမှာ တိုက်ပွဲငယ်တွေ ဖြစ်ပွားတာ ရှိခဲ့ဖူးပါတယ်။

Your browser doesn’t support HTML5

KNU နဲ့ တပ်မတော် ကရင်ပြည်နယ်တွင်း တိုက်ပွဲဆက်ဖြစ်