ကရင်ပြည်နယ် လေးကေကော်မြို့သစ်အနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

လက်နက်ကြီးတွေပစ်ခတ်မူကြောင့်တိမ်းရှောင်လာကြတဲ့လေးကေကော်ဒေသခံများ။ (၁၂-၁၅-၂၀၂၁/ Photo- ဒေသခံ -CJ)

[[Zawgyi/Unicode]]

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာရှိတဲ့ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ထားတဲ့ လေးကေကော်မြို့သစ်မှာ အင်္ဂါနေ့တုန်းက လွှတ်တော်အမတ်တဦးအပါအဝင် တက်ကြွလှုပ်ရှားသူတွေကိုစစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီးပြီး ခလရ ၅၆၀ က တပ်စွဲထားတာကြောင့်ဒီကနေ့ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်က ငြိမ်းချမ်းရေးမြို့သစ်အဖြစ် တည်ဆောက်ထားတဲ့ လေးကေကော်မြို့သစ်ထဲကို စစ်ကောင်စီတပ်တွေက ၇ ကြိမ်ထက်မနည်း ဝင်ရောက်လာခဲ့ပြီးတဲ့နောက် မနေ့ကတော့ လွှတ်တော်အမတ်တဦးအပါအဝင် တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးသွားခဲ့တာပါ။ ဒီအတွက် သူတို့ကိုပြန်ပေးဖို့ တောင်းဆိုရာကနေ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ လေးကေကော်မှာရှိတဲ့ ကိုစောမွန်က VOA ကိုပြောပါတယ်။

“ဒီမနက် ၁၁ နာရီ ၁၁ မိနစ်လောက်မှာ စပစ်တယ်။ သူတို့နေရာယူထားတဲ့ ဗျူးပွိုင့်ကုန်းပန်းခြံအပေါ်ကနေစပစ်တယ်။ စပစ်တာကတော့- ဖမ်းထားသူတွေကိုလွှတ်ပေးဖို့တောင်းဆိုတယ်။ ဖမ်းထားသူတွေ မလွှတ်ပေးလို့ ဟိုကဝိုင်းထားတယ်။ ပစ်မိန့်က မနေ့ညနေကတည်းကရတယ်။ ဒီတော့ စပစ်နေပြီ။ ၁၁ နာရီ ၁၁ မိနစ်လောက်ကတည်းက စပစ်တာ။ ကေအန်ယူက စပစ်တာ။ ဗျုးပွိုင့်ပန်းခြံနောက်ကျောမှာ ကေအန်ယူက ယူထားလိုက်တယ်။ အခုချိန်ထိ တိုက်ပွဲဖြစ်နေတုန်းပဲ။ ၆ ယောက်ကျတယ်ပြောတယ်။ အရာရှိ ၂ ယောက်ပါတယ်။”
လေးကေကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက မနေ့ကဝင်ရောက်လာပြီး အဲဒီမှာ ခိုလှုံနေတဲ့ မြောင်းမြ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေလင်းအောင်နဲ့ ဧရာဝတီတိုင်းဘက်က လူငယ်တချို့ စုစုပေါင်းအားဖြင့် အယောက် ၂၀ နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်းမှာ အခြေအနေတွေတင်းမာလာပြီး ဒီကနေ့ နေ့လည်ပိုင်းမှာ အနားမှာရှိတဲ့ KNU တပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။မြန်မာစစ်ကောင်စီဘက်ကတော့ ဒီအခြေအနေတွေအပေါ် တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

လေးကေကော်ထဲမှာ ပစ်ခတ်မှုနေတာတွေကြောင့် အနီးတဝိုက်ကိုလက်နက်ကြီးတွေကျတဲ့အတွက် လေးကေကော် ဒေသခံကျေးရွာတွေကလူတွေလည်း မနေ့ညကတည်းက နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးနေကြကြောင်း နောက်ထပ်ဒေသခံတဦးကလည်းဆိုပါတယ်။

“ဒေသခံပြည်သူအင်အားက ၃ ထောင်လောက်ရှိတယ်။ တခြားရွှေ့ပြောင်းလာကြတဲ့သူတွေက တထောင်ကျော် နှစ်ထောင်လောက်ရှိတယ်။ အားလုံးအင်အား ၄ ထောင်ကျော်လောက်က အများစုက တောထဲရောက်သွားပြီ။ ည ၁၂ နာရီကျော်လောက်ထဲက တောထဲကို တောက်လျောက် ရွှေ့ပြောင်းကုန်ကြတယ်။ ကိုယ့်အိမ်ကိုယ် စွန့်ခွါပြီးပြေးကြရတာ။”

ဖမ်းဆီးခံထားရသူတွေရဲ့အခြေအနေနဲ့ပတ်သက်လို့ မေးမြန်းခဲ့ရာမှာတော့ ဒေသခံက အခုလိုပြောပါတယ်။

“စကစ ဖမ်းဆီးသွားတဲ့သူတွေအခြေအနေကတော့ မနေ့ ညနေကတည်းက မြဝတီကိုခေါ်သွားပြီလို့ကြားတယ်။”

ဒီကနေ့ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က ပြန်ဆုတ်ခွါဖို့အတွက် နှစ်ဖက် ညှိနှိုင်းနေတယ် လို့လည်းဆိုပါတယ်။ ဒါပေမယ့် ဒီသတင်းကိုအတည်ပြုနိုင်ဖို့အတွက် ကေအန်ယူဘက်ကိုကော စစ်ကောင်စီဘက်ကိုပါ ဆက်သွယ်လို့မရခဲ့ပါဘူး။

ကေအန်ယူနဲ့မြန်မာအစိုးရ အပစ်အခပ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူထားချိန် ကရင်ဒုက္ခသည်တွေနေရပ်ပြန်တဲ့အခါထားဖို့အတွက် လေးကေကော်မြို့သစ်ကို ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ လေးကေကော်မြို့သစ်လုံခြုံရေးကို ကေအန်ယူက တာဝန်ယူထားတာ ၆ နှစ်ကျော်ပြီဖြစ်ပါတယ်ရှင်။

Your browser doesn’t support HTML5

ကရင်ပြည်နယ် လေးကေကော်မြို့သစ်အနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

==========

[[Unicode]]












#MyanmarMilitaryCoup #MyanmarViolence #KarenConflict #VOABurmese


============