ကရင်ပြည်နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် မတ်လအတွင်း အရပ်သား ၂၅ ဦးသေဆုံး

karen refugee (မှတ်တမ်းဓါတ်ပုံ)


[[Zawgyi/Unicode]]

ကရင်ပြည်နယ်မှာ မတ်လအတွင်း စစ်ကောင်စီတပ်တွေရဲ့လေကြောင်းတိုက်ခိုက် မှု၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၅ ဦးသေဆုံးခဲ့ပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက မတ်လ တိုက်ပွဲနဲ့ပတ်သက်လို့ လချုပ်စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြပါတယ်။ မတ်လထဲမှာပဲ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်ရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် BGF တပ်က တဘက်၊ KNU လက်အောက်က ကရင်တိုင်းရင်းသားလက်နက် ကိုင် KNLA၊ KNDO နဲ့ ပြည်သူ့ ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကတဘက် တိုက်ပွဲတွေဖြစ်နေပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် မတ်လ ၁ လတည်းအတွင်း အရပ်သားပြည်သူ ၂၅ ဦးသေဆုံးခဲ့ပြီး ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်တဲ့ ကေအန်ယူရဲ့လချုပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ကေအန်ယူရဲ့ ဗဟိုကော်မတီဝင်၊ သတင်းနဲ့ ပြန်ကြားရေးဌာန ဒုတိယတာဝန်ခံလည်းဖြစ်တဲ့ ဖဒိုကလယ်စေးက အခုလိုပြောပြပါတယ်။

“အရပ်သားတွေက ကျနော်တို့ရဲ့စာရင်းအရ ၂၅ ဦး သေဆုံးပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာရတာပေါ့နော်၊ စစ်ကောင်စီဘက်က သူတိုရဲ့ သွားဖို့လာဖို့လမ်းကြောင်းမှာ ရှင်းလင်းဖို့က ကျနော်တို့တပ်တွေ ရှိနိုင် တဲ့ နေရာတွေခန့်မှန်းပြီး ခိုအောင်းနိုင်တဲ့ရွာတွေကို ရမ်းသမ်းပစ်တာရှိတယ်။ ရည်ရွယ်ချက်ရှိရှိ ရွာတွေကို ကေအန်ယူ ရှိနိုင်တယ်ဆိုပြီး ပစ်ခတ်တာပိုများတယ်။”

မတ်လတလထဲမှာပဲ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေ တိုက်ခိုက်မှု ၈ ကြိမ်လုပ်ခဲ့တယ်လို့လည်း ဖဒိုကလယ်စေးကပြောပါတယ်။

“တပ်မဟာ (၅) တခုတည်းနဲ့ ၅ ကြိမ်ရှိတယ်။ အားလုံး ၈ ကြိမ်ပေါ့နော်။ လေယာဉ်နဲ့ပစ်တာ ဒီလတွေမှာပိုများတယ်။ တပ်မဟာ (၅)၊ တပ်မဟာ (၃) နဲ့ တပ်မဟာ (၆)။ ၈ ကြိမ်လောက်ရှိတယ်။”

စစ်ကောင်စီနဲ့ ကေအန်ယူတို့ နှစ်ဘက်တိုက်ပွဲကြောင့်ရော စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်မှု၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့်ပါ ကေအန်ယူထိန်းချုပ်ရာ နယ်မြေအတွင်းမှာ စစ်ဘေးဒုက္ခသည် တသိန်းကျော်လောက်ရှိနေပြီလို့လည်း ဖဒိုကလယ်စေးက ပြောပါတယ်။

“ရွာမှာ မနေရဲဘဲ တိမ်းရှောင်နေတဲ့လူဦးရေက ကျနော်တို့ရရှိတဲ့အချက်အလက်တွေအရ တသိန်းကျော်တာပေါ့နော်။”

ကေအန်ယူ ထိန်းချုပ်ရာနယ်မြေတွေမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တွေနဲ့ KNU ပူးပေါင်းတပ်တွေကြား မတ်လအတွင်း တိုက်ပွဲပေါင်း ၅၀၀ ကျော် ဖြစ်ခဲ့တယ်လို့လည်း ကေအန်ယူရဲ့ လချုပ်စာရင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကေအန်ယူ တပ်မဟာ (၆) နယ်မြေထဲရောက်နေတဲ့ စစ်ကောင်စီတပ်တွေကို မတ်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ ကေအန်ယူက သတိပေးချက်ထုတ်ထားပေမယ့် စစ်ကောင်စီဘက်က မဆုတ်ခွါတဲ့အပြင် တပ်အင်အားတွေတိုးချဲ့ချထားတဲ့အတွက် ပိုပြီးတော့ စစ်ရေးတင်းမာလာပါတယ်။ ဒါကြောင့် ကေအန်ယူက စစ်ကောင်စီရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖြတ်တောက်တဲ့အနေနဲ့ မြဝတီ-ကေ့ာကရိတ် အာရှလမ်းနဲ့ မြဝတီ-ဝေါ်လေလမ်းမကြီးတွေမှာ လူစီးကားတွေ၊ ကုန်ကားတွေကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ မတ်လ ၂၆ ရက်နေ့ကတည်းက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ KNU ရဲ့ တပ်မဟာ ၅ နဲ့ ၆ ထိန်းချုပ်ထားတဲ့ မြဝတီခရိုင်၊ ဖာပွန်ခရိုင်နဲ့ ကော့ကရိတ်မြို့ တောင်ပိုင်းတွေဘက်မှာ အခုရက်ပိုင်း နေ့စဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Your browser doesn’t support HTML5

ကရင်ပြည်နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် မတ်လအတွင်း အရပ်သား ၂၅ ဦးသေဆုံး

=============

[[Unicode]]












=============