မြဝတီမြို့နယ် စစ်ကောင်စီ တပ်စခန်းတချို့ KNU ပူးပေါင်းတပ်တွေ ဆက်လက်ရှင်းလင်း

မြဝတီမြို့နယ်အတွင်းက စစ်တပ်ရဲ့ စွယ်တော်ကုန်း အမြှောက်ကုန်းတပ်ကို သိမ်းပိုက်လိုက်တဲ့ KNLA/PDF ပူးပေါင်းတပ် (ဓါတ်ပုံ - Cobra Column 2 - VENOM)

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက စစ်တပ်ရဲ့ စွယ်တော်ကုန်း အမြှောက်ကုန်းတပ် လက်လွှတ်ဆုံးရှုံးခဲ့ရပြီးတဲ့နောက် အဲဒီလမ်းတကြောမှာရှိတဲ့ မြဝတီ - ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာအနီး စစ်ကောင်စီ ကာကင်းစခန်းသုံးခုကို မဟာမိတ်ညီနောင်ပူးပေါင်းတပ်များ အောက်တိုဘာလ ၂၀ရက်နေ့မှာ သိမ်းပိုက်ရရှိကြောင်း ကော်ဘရာစစ်ကြောင်း(၂) Venomစစ်ကြောင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းက စစ်တပ်ရဲ့ စွယ်တော်ကုန်း အမြှောက်ကုန်းတပ် လက်လွှတ်ဆုံးရှုံးခဲ့ရပြီးတဲ့နောက် အဲဒီလမ်းတကြောမှာရှိတဲ့ ဘလယ်ဒိုရွာအနီး စစ်တပ်ရဲ့ ကာကင်းစခန်း ၃ ခုက စစ်သားတွေလည်း စခန်းစွန့်ခွါ ထွက်ပြေးသွားတဲ့အတွက် KNLA/PDF ပူးပေါင်းတပ်တွေက အဲဒီနေရာကို ဝင်ရောက်ရှင်းလင်း သိမ်းပိုက်ခဲ့ကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးက VOA ကို ပြောပါတယ်။

“ကာကင်းစခန်း ၃ ခု ပေါ့နော်။ ဒီနေ့ ၂၀ ရက်နေ့မှာ ဝင်ရှင်းပါတယ်။ ဘလယ်ဒို ကျေးရွာဘက်ကရှိတဲ့ ကာကင်းစခန်းပေါ့။ ကာကင်းစခန်းက စခန်း စွန့်ခွါထွက်ပြေးလို့ ကျနော်တို့ဘက်က ဗီနွန်စစ်ကြောင်းက ဝင်ရောက်ရှင်းလင်းတာပေါ့။ ကျနော်တို့အခေါ် ခွေးကုန်း (ခ)လက်နက်ကြီးကုန်းကို ကျနော်တို့ဘက်က သိမ်းလိုက်နိုင်တော့ အဲဒီဘက်လမ်းကြော တလျှောက်မှာရှိတဲ့ ကာကင်းစခန်းတွေက လာတိုက်ရင် သေမှာစိုးလို့ သူတို့သိတယ်။ အဲဒါကြောင့် စခန်းစွန့်ခွါ ထွက်ပြေးကုန်တာပေါ့။ ဒါပေမဲ့ အမိန့်ရလို့လည်း ဖြစ်မယ်ထင်တယ်။”

အခုဆိုရင် စစ်တပ်ဘက်က စခန်းအတော်များများ လက်လွှတ်ခဲ့ရပြီးတဲ့နောက် ခံစစ်ကုန်းတခုဖြစ်တဲ့ သေဘာဘိုးစခန်းကုန်းဘက်ကို ထွက်ခွါသွားတယ်လို့လည်း ဆိုပါတယ်။

“သူတို့က သေဘောဘိုးစခန်းကုန်းကြီး ရှိတယ်။ လေးကေ့ကော်ခံ စစ်ကုန်းလိုမျိုး ရှိတယ်လေ။ အဲဒီ သေဘောဘိုး စခန်းကုန်းဘက်ကို ပူးပေါင်းသွားကြမယ် ထင်တယ်။ အဲဒီမှာ ဝေါလေဘက်မှာတော့ အများကြီး မကျန်တော့ဘူး။ သေဘော့ဘိုးစခန်းကုန်းလောက်ပဲ ကျန်တော့မယ်။”

ပြီးခဲတဲ့ ဧပြီလက မြ၀တီမြို့ကို KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်တုန်းက စခန်းစွန့်ခွါ ထွက်ပြေးသွားတဲ့ ခလရ ၂၇၅ နေရာကိုတော့ နယ်ခြားစောင့်တပ်အင်အားတွေနဲ့ ပူးပေါင်းပြီးစစ်တပ်က နေရာယူထားဆဲရှိပြီး၊ အဲဒီနေရာမှာတော့ မြ၀တီမြို့ကို အပြည့်အ၀ ထိမ်းချုပ်နိုင်ရေးအတွက် ပြင်ဆင်မူ့တွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။

“မြ၀တီဘက်မှာတော့ ရန်သူကတော့ ပြင်ဆင်နေတယ်။ ဒီနေ့မှာပဲ ရဟတ်ယာဉ်နဲ့ ရိက္ခာစားစရာပစ္စည်းတွေ လူတွေ၊ လက်နက်တွေကို ခလရ ၂၇၅ ထဲကို ဆင်းတာပေါ့နော်။ ကြိုးနဲ့ဆင်းတာပေါ့။ ရဟတ်ယာဉ်ကွင်းထိတော့ မဆင်းဘူး။ မြ၀တီကို ဒီဘက်ကလည်း တိုက်မှာပဲ။ သူတို့ကလည်း ပြင်ဆင်မူတွေကတော့ လုပ်မှာပါပဲ။”

စစ်ကောင်စီအနေနဲ့ မြ၀တီမြို့ဘက်ကို အပြည့်အ၀ ပြန်လည်ထိမ်းချုပ်နိုင်ရေးအတွက် ကော့ကရိတ်ဘက်ကနေ တက်လာတဲ့ အောင်ဇေယျ စစ်ဆင်ရေးကလည်း ၆ လကျော်ကြာတဲ့အထိ ခရီးမရောက်သေးသလို ကရင်ပြည်နယ် ကော့ကရိတ်နဲ့ မြ၀တီခရိုင်ထဲက စခန်းအတော်များများကိုလည်း လက်လွတ်ဆုံးရှုံးခဲ့ရတာကြောင့် ကျေရွာတွေဘက်ကို လေကြောင်းသုံး တိုက်ခိုက်မူ့ လက်နက်ကြီနဲ့ ပစ်ခတ်မူတွေလည်း မကြာခန ပြုလုပ်ခဲ့ပါတယ်။

အခု ကာကင်းစခန်းတွေ လက်လွှတ်လိုက်ရတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူးရှင်။