[[Zawgyi/Unicode]]
ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ထိန်းချုပ်ရာ ကော့ကရိတ်မြို့အနီးမှာ ဇူလိုင်လ၂၈ ရက်နေ့ မနက်၂ နာရီကျော်အချိန်ကစပြီး မနက် ၈ နာရီကျော်အထိ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေပြီးအနီးအနားက ကျေးရွာတွေကိုလက်နက်ကြီးကျည်ဆံတွေကျရောက်တဲ့အတွက်ဒေသခံတွေ အိုးအိမ်စွန့်ခွါထွက်ပြေးနေရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆) ထိန်းချုပ်ရာ ကော့ကရိတ်မြို့အနီးမှာ ဇူလိုင်လ၂၈ ရက်နေ့ မနက်၂ နာရီကျော်အချိန်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေကြား နာရီအတော်ကြာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းက တိုက်ပွဲနဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ကခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကတော့ အခုလိုပြောပါတယ်။
“ဒီနေ့ကတော့ ကော့ကရိတ်တောင်ပိုင်း မောင်းမသာယာကျေးရွာမှာ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ပူးပေါင်းတပ်ဖွဲတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ကြတယ်။ မနက်အစောကြီးကနေ မနက် ၈ နာရီခွဲလောက်ထိ တိုက်ပွဲဖြစ်တယ်။ ဒီနေ့တိုက်ပွဲကပြင်းထန်တယ်။ စစ်ကောင်စီဘက်က အကျအဆုံး ရှိတယ်။ ခန့်မှန်းရတာကတော့ စစ်ကောင်စီဘက်က တပ်သား ၅ ယောက်သေတယ်။ အရာရှိတယောက် ဒဏ်ရာရတယ်။ လူနာတင်ကားနဲ့လည်း ၂ ခေါက်လောက်လာသယ်သွားကြတယ်။”
နာရီအတော်ကြာ တိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ကော့ကရိတ်မြို့နယ်ထဲကကျေးရွာတွေကို ပစ်ခတ်မှုတွေ လုပ်တာကြောင့်ဒေသခံတွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရတယ်လို့လည်းဆိုပါတယ်။
“အဲဒီနေ့က တိုက်ပွဲဖြစ်တဲ့အခါကျတော့ ရွာတွေကို အနီးမှာရှိတဲ့ရှိတဲ့နေရာတွေကို လက်နက်ကြီးတွေအလုံး ၅၀- ၆၀ လောက်ထိဖြစ်တယ်။ ရွာသားတွေက နီးစပ်ရာကိုထွက်ပြေးရတာပေါ့နော်။”
ကော့ကရိတ်မြို့နယ်ထဲကတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက် ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ရက်ကတော့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ရဲ့ကော်ပရာ စစ်ကြောင်းကတော့ ကရင်ပြည်နယ်အတွင်း တပ်အင်အားတိုးချဲ့ဖို့လာတဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့သလို နေ့စဉ်လည်း နှစ်ဘက်ပစ်ခတ်မှုတွေလည်းရှိတယ်လို့ ကော်ပရာစစ်ကြောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးသူရကိုကိုက ဆိုပါတယ်။
“မြဝတီမြို့နယ်ထဲက သုံးထပ်ကွေတောင်ကြောတခုမှာ ရန်သူတက်လာတာကိုကျနော်တို့ဘက်က ဒရုန်းနဲ့ပစ်ခတ်ခဲ့တယ်။ ထိတွေ့မှုတွေ၊ မိုင်းခွဲမှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကတော့ နေ့စဉ်လိုလိုရှိတယ်ခင်ဗျ။”
နှစ်ဘက်တိုက်ပွဲတွေကတော့ ကေအန်ယူတပ်မဟာ (၆) ထိန်းချုပ်ရာနေရာအတော်များများဖြစ်နေတယ်လို့လည်း ကိုစောမွန်ကပြောပါတယ်။
“တိုက်ပွဲတွေက ဒေါနအရှေ့ခြမ်းဘက်မှာလည်းဖြစ်တယ်။ ကော့ကရိတ်တောင်ပိုင်းဒေါနအနောက်ခြမ်းမှာလည်း နှစ်ဘက်လုံးက တိုက်ပွဲအချိန်မရွေး ထဖြစ်နိုင်တဲ့အနေအထားတွေလည်းရှိတယ်။ မနေ့ကတော့ သုံးထပ်ကွေ့ဘက်မှာလည်းတိုက်ပွဲတွေ ကြို့ကြားဖြစ်တယ်။”
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ခလယ်-တံခွန်တိုင်တိုက်နယ်ထဲက ရဲစခန်းဝင်အတွင်းမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေနဲ့နယ်ခြားစောင့်တွေဟာ ဇူလိုင်လ၂၆ ရက်နေ့ကလည်း အနီးတဝိုက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်တာကြောင့် ဒေသခံတွေရဲ့အိုးအိမ်တွေပျက်စီးကုန်သလို ဘေးလွတ်ရာကိုထွက်ပြေးရတယ်လို့လည်း ဒေသခံတွေကပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5
=============
[[Unicode]]