ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးက - သူတို့ လွတ်မြောက်နိုင်မယ်လို့ အပြည့်အ၀ ယုံကြည်မှုရှိကြောင်း - တရားစွဲဆိုခံရထားသူတွေဘက်က လိုက်ပါ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး နှစ်ဘက်တင်သွင်းတဲ့ သက်သေခံပစ္စည်းတွေ၊ အချက်အလက်တွေကို တရားရုံးတော်က အပြီးသတ် ကြားနာစစ်ဆေးပြီးတဲ့နောက် - ဒီကနေ့မှာ စီရင်ချက် ချတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းတရားရုံးအနေနဲ့ အမှုကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့ကိုလည်း AHRC အာရှလူ့အခွင့်အရေးကော်မရှင်က တောင်းဆိုခဲ့ပါတယ်။ AFP သတင်းကို အခြေခံပြီး မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။
ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်က ဗြိတိန်ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးရဲ့ အမှုကို ကော့စမွေတရားရုံးက တရားသူကြီး ၃ ဦးကေန ဒီကနေ့ ကြာသပတေးနေ့မှာ စီရင်ချက်ချမှာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ ၂ ဦးကို အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင်တော့ သေဒဏ်ကျခံရနိုင်ဖွယ် ရှိပါတယ်။ ဒါပေမဲ့လို့လည်း သူတို့နှစ်ဦးရဲ့အမှုနဲ့ ပတ်သက်ပြီး အကြံပေးသူ လည်းဖြစ်၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်က Andy Hall ကတော့ - တရားစွဲဆိုခံထားရသူတွေဘက်က သူတို့ လွတ်မြောက်လာလိမ့်မယ်လို့ ယုံကြည်နေကြောင်းကို အခုလို ပြောပြပါတယ်။
“ဒီကနေ့ စီရင်ချက်ချမယ့်အပေါ် သူတို့ စိုးတော့ စိုးရိမ်တယ်။ ဒါပေမဲ့ တရားရုံးက သူတို့အပေါ် တရားမျှမျှတတ စီရင်ဆုံးဖြတ်ပြီး ပြန်လွှတ်ပေးလိမ့်မယ်လို့လည်း နှစ်ယောက်စလုံးက အပြည့်အ၀ ယုံကြည်ထားကြတယ်။ ဘယ်လို စီရင်ချက်မျိုးပဲ ချချ၊ သူတို့အနေနဲ့ ကြံ့ကြံ့ခံပြီး ရှေ့ဆက် လုပ်ဆောင်စရာရှိတာတွေကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။”
ဒါပေမဲ့လို့လည်း တရားသူကြီး ၃ ဦးအနေနဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး အပြစ်ရှိတယ် ဒါမှမဟုတ် အပြစ်မရှိဘူး ဘယ်လိုပဲ ဆုံးဖြတ်ခဲ့ ဆုံးဖြတ်ခဲ့ တရားလိုဘက်ကရော၊ တရားစွဲဆိုခံထားရသူတွေဘက်ကပါ ဒီစီရင်ချက်အပေါ် အယူခံ ဆက်ဝင်သွားမှာဖြစ်တယ်လို့ Andy Hall က အခုလို ဆက်ပြောခဲ့ပါတယ်။
“တရားရုံးက သူတို့ကို အနိုင်ပေးမယ်၊ သူတို့အပေါ် စွဲထားတဲ့အမှုတွေကိုလည်း ပလပ်လိုက်မယ်ဆိုရင်၊ တရားလိုတွေက အယူခံဝင်မှာ သေချာတယ်လို့ ထင်ပါတယ်။ စွပ်စွဲခံရတဲ့ အမှုသည်တွေ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ရင်လည်း အကျိုးဆောင်အဖွဲ့အနေနဲ့ သေချာတာကတော့ အယူခံပြန်ဝင်ဖို့ အမှုသည်တွေကို အကြံပေးမှာဖြစ်သလို၊ သူတို့လည်း အယူခံဝင်မယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့်လည်း မနက်ဖြန်မှာ ဘာပဲဖြစ်ဖြစ် ရှုံးတဲ့ဘက်က အယူခံဝင်ကြမှာဆိုတော့ အမှုကပြီးဦးမှာ မဟုတ်ပါဘူး။ နှစ်တွေနဲ့ချီ ကြာဦးမှာပါ။”
ပြီးခဲ့တဲ့ ၂၀၁၄ စက်တင်ဘာ ၁၅ ရက်နေ့က ကော့တောင် ခေါ် လိပ်ကျွန်းမှာ အသက် ၂၄ နှစ်အရွယ် ဒေးဗစ် မေလာ နဲ့ အသက် ၂၃ နှစ်အရွယ် ဟန်းနာ တို့ နှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး - ထိုင်းရဲတွေက မြန်မာရွှေ့ပြောင်းအလုပ်သမား ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ ၂ ဦးကို အဲဒီအချိန်ကစလို့ ကော့စမွေအကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အမှုဖွင့် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ နှစ်ဘက်တင်သွင်းတဲ့ သက်သေအထောက်အထားတွေကို တရားရုံးတော်က ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အပြီးသတ် ကြားနာခဲ့တာ ဖြစ်ပါတယ်။
AHRC လို့ခေါ်တဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က မြန်မာရှေ့နေတဦးဖြစ်တဲ့ ဦးမင်းလွင်ဦး ကတော့ - အမှုသွား အမှုလာနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ခဲ့ပါတယ်။
“ပထမဦးဆုံး ကျနော်ပြောချင်တာက အမှုစတင် တည်ဆောက်ကတည်းကိုက ရဲကနေပြီးတော့ တည်ဆောက်တာဖြစ်တယ်။ စကားပြန် ခေါ်ယူ အသုံးပြုတာကအစ ဖိအားပေးမှုတွေရှိတယ်။ နှိပ်စက်ညှဉ်းပန်းမှုတွေရှိတယ်။ ရဲဘက်ကနေပြီးတော့ တင်ပြတဲ့ သက်သေအထောက်အထား အရသော်လည်းကောင်း ခိုင်ခိုင်မာမာ သက်သေ ထူနိုင်ခြင်းမရှိဘူး ဆိုတာတွေကို ကျနော်တွေ့ရတယ်။ ဥပမာအားဖြင့် ဒီ လူသတ်ရာမှာ တကယ်တမ်း အသုံးပြုခဲ့တဲ့ လက်နက်ကို တင်ပြနိုင်ခြင်း မရှိတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့တခါ အဓမ္မပြုကျင့်ခြင်း ခံရတယ်ဆိုတဲ့အခါမှာလည်း DNA ကို စစ်ဆေးတဲ့အခါမှာ DNA က လွဲနေတယ်ဆိုတာတွေကိုလည်း မှုခင်းဆရာဝန်တွေရဲ့ ထွက်ဆိုချက်တွေအရ ကျနော်တို့ သိရတာဖြစ်တယ်။ အဲတော့ သက်သေ အထောက်အထားတွေအပေါ်မှာ ကြည့်ပြီးတော့ ဆုံးဖြတ်မယ်ဆိုရင် လည်း ဒီအမှုမှာ တရားလိုဘက်က ရဲကနေပြီးတော့ တင်ပြတဲ့ အထောက်အထားတွေအရ အပြစ်ပေးနိုင်လောက်တဲ့အထိ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခြင်း မရှိဘူးဆိုတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဒါကြောင့်လည်း ကျနော်တို့က ဒီ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ ဦး ပြန်လည် လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။”
ဒါ့အပြင် ငွေကြေးနဲ့ သြဇာအာဏာရှိသူတွေအပေါ် ဘက်လိုက်တဲ့ တရားစီရင်မှုတွေ ရှိတဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေက လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အခုလို ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး မကြာခဏ ပုံချခံရလေ့ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း အခု အမှုနဲ့ ပတ်သက်ပြီး ထိုင်းတရားရုံးအနေနဲ့ တရားမျှတစွာ စီရင်ဆုံးဖြတ်ပေးဖို့ကို AHRC က တောင်းဆိုခဲ့ပါတယ်။
“အာရှလူ့အခွင့်အရေးကော်မရှင်အနေနဲ့ တောင်းဆိုချင်တာကတော့ ဒီအမှုမှာ ပေါ်ပေါက်တဲ့ သက်သေခံ အထောက်အထားတွေအတိုင်း မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးဖို့အတွက် ကျနော်တို့က တောင်းဆိုချင်တာဖြစ်တယ်။ ထိုင်းတရားရုံးအနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်လိမ့်မယ်။ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးနိုင်တယ်ဆိုတာ ကမ္ဘာကသိအောင် ပြဖို့ လိုအပ်တဲ့အချိန်လည်းဖြစ်တယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။”
AHRC မှ ရှေ့နေ ဦးမင်းလွင်ဦး ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်က Andy Hall ကလည်း - ဒီအမှု ထိုင်းနိုင်ငံအတွက် အင်မတန်မှ အနှုတ်လက္ခဏာပြတဲ့ ကိစ္စဖြစ်ပြီး၊ ဘယ်လိုစီရင်ချက်မျိုးပဲချချ အခုအချိန်မှာ ပြန်ကုစားဖို့ မလွယ်တော့ဘူးလို့ ပြောဆိုခဲ့ပါတယ်ရှင်။