[[Zawgyi/Unicode]]
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ တနင်္လာနေ့က စစ်ကောင်စီတပ်က MNDAA ကိုးကန့်တပ်စခန်းတွေကို လေကြောင်းကပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့နောက် ဒီကနေ့မှာတော့ မုံးကိုးဘက်မှာ ငြိမ်သက်နေပြီး ဖောင်းဆိုင်ဘက်မှာတော့ ကြို့ကြား ပစ်ခတ်မှုတွေ ရှိနေပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကို ကိုသားညွန့်ဦးကတင်ပြထားပါတယ်။
စစ်ကောင်စီတပ်ဘက်က မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်ကို စစ်အင်အားဖြည့်တင်းခဲ့တဲ့နောက် ဒီလ ၁၀ ရက်နေ့က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက ၁၃ ရက်နေ့ တနင်္လာနေ့မှာတော့ လေကြောင်းက ထိုးစစ်ဆင် တိုက်ခိုက်တဲ့အထိ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာပါ။ တနင်္လာနေ့က တနေ့လုံးနီးပါး တိုက်ခိုက်ခဲ့တဲ့နောက် ဒီကနေ့မှာတော့ မုံးကိုးမြို့အနီးမှာ ငြိမ်သက်နေခဲ့ကြောင်း မုံးကိုး ဒေသခံက VOA ကို ပြောပါတယ်။
“ဒီနေ့တော့ ဘာသံမှ မကြားဘူးဗျ။ ”
တနင်္လာနေ့ကတော့မုံးကိုးမြို့ပတ်ဝန်းကျင်မှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားနေရသလို ဖောင်းဆိုင်၊ မန့်ယန်၊ ဘန်မွှေး စတဲ့ ကျေးရွာတွေဘက် မှာလည်း တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ဖောင်းဆိုင်ဘက်မှာတော့ ပစ်ခတ်သံတွေ ကြားနေရကြောင်း ဖောင်းဆိုင်အရှေ့ဘက် ကျေးရွာက ဒေသခံတဦးကပြောပါတယ်။
“ဒီကနေ့ အခြေအနေကတော့ မနေ့က ပုံစံပဲနော။ မနက်တည်းက ဗုံးသံနည်းနည်း ကြားနေရပြီ။ ဒါပေမဲ့ ကျနော်တို့နဲ့လည်း ၁၀ မိုင်လောက်တော့ ဝေးတယ်နော။ ဘယ်နေရာဖြစ်နိုင်လဲဆို မန့်ယန်နဲ့ ဘန့်မွှေးမှာပဲ ထင်တယ်။ ဖောင်းဆိုင်မှာလည်း အဲလိုပဲ သေနတ်ပစ်လိုက် မပစ်လိုက် အဲလိုပဲ ဆရာ။”
မန့်ယန်နဲ့ ဘန့်မွှေးရွာဘက်က ဒေသခံတစ်ဦးကတော့ ဒီကနေ့ မန့်ယန်ကျေးရွာ ဘက်မှာလည်း ငြိမ်သက်နေကြောင်း ပြောပါတယ်။
“ဒီနေ့ အခြေအနေကတော့ ငြိမ်ပါတယ်။ ဒီနေ့။ ဘာသံမှ မကြားဘူး။ မနေ့ကတော့လည်း ပြင်းပြင်းထန်ထန်ပါပဲ။ မနေ့က ၅ နာရီစပြီးတော့ ညနေ ၅နာရီကျမှ သိမ်းတာ။ မနေ့က တနေ့လုံးဖြစ်တာ မနေ့က။ ဒီနေ့ကတော့ မဖြစ်ဘူး။ နည်းနည်း ငြိမ်နေတာလေ ဒီနေ့။ ”
MNDAA ကိုးကန့်တပ်ဖွဲ့ကတော့ တနင်္လာနေ့က သူတို့ ရဲ့တပ်စခန်းတွေကို စစ်ကောင်စီရဲ့ ခြေလျင်တပ်တွေက မြေပြင်က လက်နက်ကြီးနဲ့ပစ်ပြီး ထိုးစစ် တိုက်ခိုက် ခဲ့သလို လေကြောင်းက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သူတို့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကိုးကန့်တပ်ဖွဲ့ရဲ့ မန်ရန်စခန်းကို ၆ ကြိမ် ထိုးစစ်ဆင်ခဲ့ကြောင်းနဲ့ အခြား တပ်စခန်း ၃ ခုကိုလည်း လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီလ ၁၀ ရက်နေ့က မုံးကိုး ဒေသဘက်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့ပြီး၁၁ ရက်နဲ့ ၁၂ ရက်မှာ တိုက်ပွဲမရှိကြောင်း သတင်းထုတ်ပြန်ပေမဲ့ တနင်္လာနေ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။
တချိန်တည်းမှာပဲ ၂၀၂၂ ခုနှစ်မှာ ကျရောက်မယ့် ၇၅ နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့အတွက် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးရေး ကော်မတီနဲ့ တရုတ် နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီလလယ်ပိုင်းမှာ တွေ့ဆုံဖို့ ရှိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5
===============
[[Unicode]]
===============