တောင်ကိုရီးယား စစ်သင်္ဘောကို နှစ်မြုပ်လိုက်တဲ့အတွက် မြောက်ကိုရီးယားအနေနဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန် က သတိပေးလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ အလေးအနက် ရန်စမှု ဖြစ်ပြီး သည်းခံလိမ့်မယ် မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ P.J. Crowley က သတိပေးလိုက်ပါတယ်။
ဘယ်လို ဆက်လုပ်မယ်ဆိုတာကို တောင်ကိုရီးယားက ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်လို့ ထိပ်တန်းအမေရိကန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆိုပါတယ်။
မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တောင်ကိုရီးယား စစ်သင်္ဘောကို တော်ပီဒို နဲ့ မတ်လအတွင်းက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ စုံစမ်း စစ်ဆေးသူတွေက တွေ့ရှိပါတယ်။ အဲဒီ တွေ့ရှိချက် အစီရင်ခံစာက လုပ်ကြံထားတာ ဖြစ်ပြီး အဓိပ္ပါယ် မရှိဘူးလို့ မြောက်ကိုရီးယား က ဆိုပါတယ်။ ဖြစ်လာနိုင်စရာရှိတဲ့ တောင်ကိုရီးယားရဲ့ အရေးယူ ဆောင်ရွက်ချက်မှန်သမျှကို စစ်ပွဲ နဲ့ တုံ့ပြန်မယ်လို့လည်း မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင်က ခြိမ်းခြောက်လိုက်ပါတယ်။
တောင်ကိုရီးယားက ပြတ်ပြတ်သားသား တန်ပြန် အရေးယူဆောင်ရွက်မယ်လို့ တောင်ကိုရီးယား သမ္မတ Lee Myung-bak က ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုတန်ပြန် အရေးယူမှာလဲ ဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။