စပိန် Li Laga ဖလား ကွင်းပိတ် နောက်ဆုံးပွဲအဖြစ် တနင်္ဂနွေနေ့က နူးကမ့်ပ်မှာ ကန်တဲ့ပွဲမှာ ဘာစီလိုနာနဲ့ ရီးယဲလ် ဆိုစီဒက်တို့ ပထမပိုင်းပြီးချိန်အထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ ဒုတိယပိုင်း ၅၇ မိနစ်မှာမှ Countinho ရဲ့ တလုံးတည်းသောဂိုးနဲ့ ဘာစီလိုနာ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ပွဲချိန် ၆၇ မိနစ်ကျမှ ဘာစီလိုနာရဲ့ အဓိကတိုက်စစ်မှူး မက်ဆီ လူစားလဲ ဝင်ကစားပါတယ်။ ဒီပွဲဟာဖြင့် ဘာစီလိုနာ အသင်းရဲ့ အသက် ၃၄ နှစ်အရွယ် ဝါရင့်အလယ်တန်းကစားသမား အင်နီယက်စ်တားအတွက် နောက်ဆုံး နှုတ်ဆက်ပွဲဖြစ်ပြီး ၈၁ မိနစ်ထိ ကစားပြီးတော့ မက်ဆီ့ကို အသင်းခေါင်းဆောင်လက်ပတ် လွှဲပေးသွားပါတယ်။
ဘာစီလိုနာအသင်းဟာ ဒီပွဲမတိုင်ခင်ကတည်းက ချန်ပီယံဖလားကို ရထားပြီးသားပါ။ ပွဲစဉ်အားလုံးပြီးသွားချိန်မှာတော့ ဘာစီလိုနာအသင်းဟာ ၃၈ ပွဲကစား၊ ၂၈ ပွဲနိုင်၊ ၉ ပွဲသရေ၊ တပွဲရှုံး၊ ရမှတ် ၉၃ မှတ်ရှိပါတယ်။
La Liga အမှတ်ပေးဇယားမှာ ဒုတိယလိုက်တဲ့ Europa League ချန်ပီယံ အက်သလက်တီကို မက်ဒရစ်နဲ့ Eibar တို့ အစောပိုင်း က ကစားတဲ့ပွဲမှာတော့ တဘက် ၂ ဂိုးစီနဲ့ သရေကျသွားပါတယ်။
ပွဲရဲ့ အဖွင့်ဂိုးကို Eibar အသင်းက Kike က ပထမပိုင်း ၃၅ မိနစ်မှာ သွင်းယူပြီး အိမ်ရှင် တီကိုအတွက် ချေပဂိုးကို အသင်း ခေါင်းဆောင် ဖာနန်ဒို တောရက်စ်က ၄၂ မိနစ်မှာ သွင်းယူပါတယ်။
အဲဒီနောက် မိနစ် ၆၀ မှာ တောရက်စ်ကပဲ ဒုတိယဂိုးကိုသွင်းယူပါတယ်။ အဲဒီဂိုးသွင်းအပြီး နောက် ၃ မိနစ်ပဲကြာတဲ့အချိန်မှာ တီကိုအသင်းက ဟာနန်းဒက်ဇ် နှစ်ဝါ တနီနဲ့ အထုတ်ခံရတာကြောင့် တီကိုအသင်းဟာ ပွဲပြီးတဲ့အထိ ၁၀ ယောက်နဲ့ ကစားသွားရ ပါတယ်။
ဟာနန်းဒက်ဇ် အထုတ်ခံရပြီးတဲ့နောက် ပိုအားတက်သွားတဲ့ Eibar အသင်းက ဖိကစားလာပြီး နောက် ၇ မိနစ်အကြာ မိနစ် ၇၀ မှာ Ruben Pena က တီကို ဂိုးစည်းအပြင်ကနေ ထောင့်ထဲကို လှလှပပကန်သွင်းတာကြောင့် တီကိုဂိုးသမား J. Oblak ဖမ်းပေမဲ့ လည်း မမိနိုင်ဘဲ Eibar အသင်း ဒုတိယချေပဂိုးကို ရသွားပါတယ်။
La Liga ကနေ နောက်နှစ် ချန်ပီယံလိဂ်ဖလားပြိုင်ပွဲ ဝင်ခွင့်ရတဲ့ အသင်းလေးသင်း ကတော့ ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်၊ ရီးယဲလ် မက်ဒရစ်နဲ့ ဗလန်စီယာအသင်းတွေဖြစ်ပါတယ်။
ရီးယဲလ်အသင်းဟာ ဒီနှစ် ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲအဖြစ် မေလ ၂၆ ရက်၊ စနေနေ့မှာ အင်္ဂလန်ကလပ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5