ဆီးရီးယားငြိမ်းဆွေးနွေးပွဲ သဘောတူညီမှုတစုံတရာမရ

ကုလသမဂ္ဂကြားဝင်စေ့စပ်ရေးမှူး မစ္စတာ Lakhdar Brahimi

Switzerland နိုင်ငံ Geneva မြို့မှာ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတို့ကြား နောက်ဆုံးအကြော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ သဘောတူညီချက် တစုံတရာမရဘဲ ပြီးဆုံးသွားခဲ့တဲ့နောက် ကုလသမဂ္ဂ ကြားဝင်စေ့စပ်ရေးမှူး Lakhdar Brahimi က ဆီးရီးယားပြည်သူတွေကို တောင်းပန်ခဲ့ပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ ၂ ဘက်ကိုယ်စားလှယ်တွေနဲ့ Mr. Brahimi ရဲ့ စနေနေ့ကတွေ့ဆုံမှုဟာ ရှေ့မတိုး နောက်မဆုတ်ဖြစ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရှေ့ဆက်နိုင်ဖို့ နောက်ထပ် ကြိုးစားမှုတခုဖြစ်ပါတယ်။

ဆီးရီးယားပြည်သူတွေဟာ ဒီဆွေးနွေးပွဲတွေကနေ သူတို့လက်ရှိရင်ဆိုင်နေရတဲ့ ခြောက်ခြားစရာ အခြေအနေတွေအတွက် ထွက်ပေါက်ရနိုင်မယ့်ရလဒ်ကို မျှော်လင့်နေကြပေမယ့် ၂ ကြော့လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေက အထောက်အကူ မဖြစ်ခဲ့ဘူးလို့ Mr. Brahimi ကပြောပါတယ်။

တတိယအကြော့ဆွေးနွေးပွဲ ဘယ်တော့ ထပ်လုပ်မယ်ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။
ရက်ပေါင်းများစွာဆွေးနွေးပွဲကနေ တစုံတရာ သဘောတူမှုမရတဲ့အတွက် ဆီးရီးယားအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ ရှေ့ဆက်မရတဲ့လမ်းလို ဖြစ်နေတယ်လို့ ဆီးရီးယားအဓိက အတိုက်အခံအဖွဲ့က သောကြာနေ့က ပြောကြားခဲ့ပါတယ်။ အတိုက်အခံပြောခွင့်ရသူ Louay Safi က အစိုးရဘက်က စစ်တိုက်နေတာလို့ အပြစ်တင်ပါတယ်။

ဆီးရီးယားဒုတိယ နိုင်ငံခြားရေးဝန်ကြီး Fayssal Mikdad ဘက်ကလည်း အတိုက်အခံတွေရဲ့ အစီအစဉ်တွေဟာ အဓိပ္ပာယ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

သမ္မတ Bashar al-Assad မပါတဲ့
ကြားဖြတ်အစိုးရဖွဲ့ရေးအတွက် အတိုက်အခံတွေဘက်က ဆွေးနွေးလိုပါတယ်။ အစိုးရဘက်ကတော့ အကြမ်းဖက်သမားတွေ နှိမ်နှင်းရေးကို အာရုံစိုက်ဆွေးနွေးရမယ်လို့ ပြောပါတယ်။ အစိုးရကို တော်လှန်နေသူတွေကို ဆီးရီးယားအစိုးရဘက်က အကြမ်းဖက်သမားတွေလို့ သုံးသုံးပြောတာဖြစ်ပါတယ်ရှင်။