လက်ပံတောင်းတောင် ဒေသခံတွေက အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေ တဲ့ကြား ကပဲ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ မေလ (၅)ရက်နေ့ ဒီကနေ့မှာပဲ စတင်ပြီး ကြေးနီ ထုတ်တော့မယ် လို့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ ဒါကြောင့် ဆန့်ကျင် ကန့်ကွက်သူတွေဟာ ဝမ်ပေါင်ကုမ္ပဏီရဲ့ လုပ်ငန်းခွင်နယ်မြေ သတ်မှတ်စည်းထဲ အထိ အတင်းတိုးဝင်ပြီး သူတို့ဆိုင်းဘုတ်တွေကို ဆေးနီတွေ ပက်ဖြန်း စီမံကိန်းဖျက်သိမ်းရေးကို တောင်းဆိုဆန္ဒပြကြပါတယ်။ ဒါပေမဲ့ ကြေးနီ ထုတ်လုပ်မှု ကတော့ လွန်ခဲ့တဲ့ တလကတည်းက စတင်ထုတ်လုပ်နေ တာဖြစ်ကြောင်း ဒေသခံတွေ ကပြောပါတယ်။ ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မေလ၅ရက်နေ့က စတင်ပြီး ကြေးနီ စတင် ထုတ်လုပ်မယ် လို့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီဘက်က ပြောခဲ့ပြီးတဲ့နောက် ကျေးရွာ ၁၀ရွာခန့်က ရာဂဏန်း ရှိတဲ့ ဒေသခံတွေဟာ မေလ၄ရက်နေ့ ၊ မေလ ၅ရက်နေ့တွေမှာ ဆက်တိုက် ကန့်ကွက်ခဲ့တာပါ။ စီမံကိန်းအတွက် အသုံးပြုဖို့ တင်ဆောင်လာတဲ့ အက်ဆစ်ရေတွေ တင်လာတဲ့ ကားကိုပါ ပိတ်ဆို့တားဆီးပြီး ဆန္ဒပြကြတဲ့ကြောင်း လက်ပံတောင်းတောင် က ဆရာတော်ဦးအာလောကက မိန့်ပါတယ်။
" ဆန္ဒပြနေတဲ့အချိန်မှာ အက်ဆစ်ပို့တဲ့ကားက ရောက် လာတယ်။ ရောက် လာတော့ ဒေသခံတွေ ကနေပြီးတော့ အဲ့ဒီ့အက်ဆစ်ကားကို ဝိုင်းတားထားတယ်။ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် နည်းနည်းတော့ ဖြစ်လိုက်တယ်။ တားထားတဲ့ကြားက တိုးဝင်သွားတာဆိုတော့ နည်းနည်းတော့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အနေအထားပေါ့။"
လက်ပံတောင်းကြေးနီစီမံကိန်း ကနေ မေလ၅ရက်နေ့မှာ ကြေးနီစတင်ထုတ်တော့ မယ် လို့ မြန်မာဝမ်ပေါင် ကုမ္ပဏီက ကြေညာတာဟာ ဒေသခံတွေကို သွေးတိုးစမ်း တာဖြစ်သလို အရင်လကတည်းက ကြေးနီစတင် ထုတ်လုပ်နေတာဖြစ်တယ် လို့လည်း ဒေသခံတွေက အခိုင်အမာ စွပ်စွဲလိုက်ပါတယ်။
"ကြေးနီက သူတို့ထုတ်နေတာက ကြာပါပြီ။ ဒါပေမဲ့ ၅ရက် ၅လ ၂၀၁၆ မှာ လူထုက ဘယ်လိုတုန့်ပြန်လာမလဲဆိုတဲ့ သဘောမျိုးကိုဆောင်ပြီးတော့ ဒေသခံလူထု ကို သွေးတိုးစမ်းလိုက်တဲ့ သဘောပေါ့ဗျာ။ သူတို့ကြေးနီစီမံကိန်း ထုတ်လုပ်နေတာ ကတော့ လေးလပိုင်းကတည်းက သူတို့ ထုတ်လုပ်မှုတွေ စတင်နေပြီဖြစ်ပါတယ်။"
ဒီကိစ္စနဲ့ပတ်သက်လို့တော့ ဒေသခံတွေဘက်ကပြောဆိုပေမဲ့ မြန်မာ ဝမ်ပေါင် ကုမ္ပဏီဘက်ကတော့ ဘာမှ တုံ့ပြန်တာမျိုးတွေ မရှိသေးပါဘူး။
အစိုးရသစ်လက်ထက်မှာ ပွင့်လင်းမြင်သာမူရှိဖို့ နဲ့ ဒေသခံတွေ သဘောမတူပဲ ဒီစီမံကိန်းကို မလုပ်ဖို့ မြေယာတွေ သိမ်းလုပ်နေတဲ့ စီမံကိန်းကို ကန့်ကွက်မူအရှိန် က တစထက်တစမြင့်တက်လာပေမဲ့ ကုမ္ပဏီတွေဘက်က ညှိနှိုင်းဆွေးနွေးမူတွေ မရှိတဲ့အတွက် နောက်ရက်တွေမှာလည်း ဆန္ဒပြပွဲတွေ အရှိန်ဆက်မြှင့်ဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။
မြန်မာဝမ်ပေါင်ကုမ္ပဏီကတော့ မြန်မာအစိုးရထံကနေ ၂၀၁၃-ခုနှစ်တုန်းက စာချုပ်အသစ်ချုပ်ထားပြီး ဌားရမ်းထားတာဖြစ်လို့ မြေယာ ပြဿနာတွေဟာ အစိုးရနဲ့ သက်ဆိုင်တယ် လို့ မြန်မာ ဝမ်ပေါင်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကပြောဆို ထားပါတယ်။
ဒီစီမံကိန်းဟာ အစိုးရသစ်လက်ထက်မှာ အရေးတကြီးဖြေရှင်းပေးဖို့ လိုအပ်တယ် လို့ ဒေသခံတွေကဆိုပါတယ်။ ဖားကန့် ကျောက်စိမ်း ကိစ္စလို၊ မြစ်ဆုံ စီမံကိန်းကိစ္စက စလို့သံယဇာတတွေနဲ့ ပတ်သက်လို့ လူထုအတွက် နစ်နာမူတွေ ရှိနေတဲ့ စီမံကိန်းဖြစ်တာကြောင့် အမြန်ဆုံးဖြေရှင်းပေးဖို့ လွှတ်တော်ကို ဆက်လက်တောင်းဆိုသွားမယ်လို့လည်းပြောဆိုကြပါတယ်။