လက်ပံတောင်း ဆန္ဒပြပွဲ သေဆုံးဒဏ်ရာရမှု အမှုဖွင့်ပြီ

လက်ပံတောင်းဒေသခံတွေဆီသွားရောက်တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်အဖွဲ့ဝင်များ။ (ဓာတ်ပုံ-နေသီဟ)

မကြာသေးခင်ကဖြစ်ခဲ့တဲ့ပဋိပက္ခတွေအတွင်း အာဏာပိုင်တွေဘက်က ပစ်ခတ်နှိမ်နင်းမှုကြောင့် သေဆုံးဒဏ်ရာရခဲ့သူတွေအတွက် သက်ဆိုင်ရာ မိသားစုတွေကနေ ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ မနေ့က စတင်အမှုဖွင့်လိုက်ပါတယ်။ သေနတ်ဒဏ်ရာနဲ့သေဆုံးရသူ ဒေါ်ခင်ဝင်းအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးအတွက် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နဲ့ တာဝန်ရှိသူ ရဲဝန်ထမ်းတွေ သက်ဆိုင်ရာ မိသားစုဝင်တွေကနေ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်နဲ့ပေါင်းပြီး စနေနေ့က ဆားလင်းကြီးမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲမှာ အကောင်အထည်ဖော်နေတဲ့ ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြရင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ တောင်သူ ဒေါ်ခင်ဝင်း သေနတ် ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာပါ။ ဒါကြောင့် ကွယ်လွန်သူ ဒေါ်ခင်ဝင်းနဲ့ သေနတ်ဒဏ်ရာ ရခဲ့တဲ့ မိုးကြိုးပြင်ရွာက တောင်သူ ၁၀ ဦးတို့အတွက် တာဝန်ရှိသူတွေကို အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဆိုပါတယ်။

“သေမှုသေခင်းဖွင့်တယ်ဆိုတာက ကျနော်တို့က တရားခံတန်းမသိတဲ့အနေအထားတွေမှာ ရဲစခန်းတွေက အဲဒါမျိုးကို အမှုဖွင့်ပြီးလုပ်ပိုင်ခွင့်ရှိတယ်။ ဘယ်သူပစ်လဲဆိုတာလည်း သိနေပါလျှက်နဲ့ ကျနော်တို့က သိတဲ့လူတွေကို တရားခံအဖြစ် ထစွဲပြီးတော့ စွဲတာပေါ့နော်။ မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့အတွက် ကြီးကြပ်သူအရာရှိများနဲ့ လုံခြုံရေးတာဝန်ရှိသူများရဲ့ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးသူတို့အတွက် အမှုဖွင့် အရေး ယူပေးဖို့ တိုင်ကြားတာပါပဲ။ ဆားလင်းကြီးမြို့မရဲစခန်းမှာ သွားအမှုဖွင့်တာပေါ့။ ဖွင့်တဲ့အခါမှာ အဲဒီဒေါ်ခင်ဝင်းက သေဆုံးတယ်၊ ထိခိုက်ဒဏ်ရာရသူက ဆယ်ဦးလောက်ရှိတယ်ပေါ့နော်။ အဲဒီလို သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုဖြစ်အောင် တာဝန်ရှိတဲ့တရားခံတွေကတော့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ ကုမ္ပဏီက တာဝန်ရှိတဲ့ဦးလှထိန်တို့၊ နောက် တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထျန်းရီနဲ့ လောဆုံတို့၊ နောက် စစ်ကိုင်းတိုင်းရဲမှူးကြီး ဦးနေထွန်းတို့၊ ယင်းမာပင် ခရိုင် ရဲတပ်ဖွဲ့မှူး ဦးတင်မိုးတို့၊ ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ကျော်၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးကြည်နိုင်တို့ဟာ ကြီးကြပ် ကွပ်ကဲပြီး အမိန့်ပေးမှုတို့ကြောင့် အခုလို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တာ သိရှိရတယ်ဆိုပြီး ကျနော်တို့ သွားရောက်ပြီး အမှုဖွင့်တဲ့ကိစ္စပါ။ စခမ်းမှူးကတော့ လောလောဆယ်အမှုကို သူလက်ခံထားလိုက်ပါ့မယ်၊ ပ-နံပါတ်တော့ မပေးသေးပါဘူး။ အထက်ကိုတင်ပြပြီးတော့မှ သူအဖြေပေးနိုင်မယ်လို့ ကျနော်တို့ကို ပြောလိုက်တယ်ပေါ့နော်။”

ဒီအမှုနဲ့ပတ်သက်လို့ ရှေ့နေများကွန်ယက်က လိုက်ပါ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ရှေ့နေတွေဟာ ဇန်နဝါရီလ ၃ ရက်နေ့က လက်ပံတောင်းတောင်က မိုးကြိုးပြင်ရွာနဲ့ ဆည်တဲရွာတွေကို သွားရောက်ခဲ့ပြီး ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတွေကို စုံစမ်းမေးမြန်းခဲ့ပြီး အမှုဖွင့်ပေးခဲ့တာဖြစ်ပါတယ်။ ဆည်တဲရွာဘက်မှာလည်း သေနတ်ဒဏ်ရာရသူတွေ ၁၉ ဦးခန့်ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။

“ဆည်တဲရွာဘက်ကိုရောက်တဲ့အခါ ဆည်တဲရွာမှာလည်း ထိခိုက်ဒဏ်ရာရသူပေါ့ဗျာ၊ ပြင်းထန်တာက ၁၉ ယောက်လောက်တောင် ရှိတယ်ဗျ။ ဒါပေမယ့် သူတို့က ရဲစခန်းကို အရင်ကလည်း အမှုဖွင့်တယ်။ ရဲစခန်းက ဖွင့်တဲ့သူကိုပါ ပြန်ဖမ်းတာ၊ ဆီးတာလုပ်ခဲ့ဖူးတဲ့ အတွေ့အကြံရှိလို့ အမှုသွားမဖွင့်တော့ဘဲ သူတို့ဟာသူတို့ ဆေးမြီးတိုတွေနဲ့ သူတို့က ကုနေတယ်။”

ခြံစည်းရိုးကာရံတာကို ဖျက်ဆီးမှုအပါအဝင် တခြားအမှုတွေနဲ့ တောင်သူတွေကို မြန်မာ-ဝမ်ပေါင်နဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီလိမိတက်တို့ ဘက်ကလည်း တရားစွဲဆိုထားတာရှိကြောင်း ရဲစခန်းကသိခဲ့ရတယ်လို့လည်း မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ပြောပါတယ်။

နှစ်ဘက် တင်းမာမှုတွေဖြစ်ခဲ့ပြီးနောက် လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတဝှမ်းမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်နေပြီး ဆန္ဒပြသူတွေကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် တခြားပုဒ်မတွေနဲ့ တရားစွဲဆို ဖမ်းဆီးတာတွေရှိနေပါတယ်။

လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ အမြန်ဆုံ စုံစမ်းစစ်ဆေးပေးဖို့ အမေရိကန်နိုင်ငံက တောင်းဆိုထားသလို တရုတ်ကလည်း စိုးရိမ်မကင်းဖြစ်ကြောင်း ပြောထားပါတယ်။ လက်ပံတောင်းတောင်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း လူတစ်ဦးသေဆုံးခဲ့ရပြီး နှစ်ဘက် ဒဏ်ရာရမှုတွေ ရှိခဲ့သလို စီမံကိန်းခြံစည်းရိုးကာရံတာကို နှောင့်ယှက်တာကြောင့် အဓိကရုဏ်းနှိမ်နင်းရေး လက်နက်ကို သုံးခဲ့ရကြောင်းလည်း အစိုးရဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံတွေဘက်ကလည်း လျော်ကြေးယူမထားတဲ့ လယ်မြေတွေ ပြန်ရရေးအတွက် သပိတ်စခန်းဖွင့် တောင်းဆိုနေပါတယ်။ သပိတ်စခန်းအနီးတဝိုက်မှာတော့ အာဏာပိုင်တွေဘက်ကလည်း ကတုတ်ကျင်းတွေတူးပြီး လုံခြုံရေးအပြည့်နဲ့ နေရာယူထားပါတယ်။ လက်ရှိမှာတော့ စိုက်ပျိုးထားပြီးသားတောင်ယာတွေကို ခြံစည်းရိုးခတ်လိုက်တဲ့အတွက် တောင်သူတွေအနေနဲ့ စားဝတ်နေရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။