စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့မှာ ထိခိုက်ပျက်စီး

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားသော လားရှိုးမြို့ပေါ်ရှိ နေအိမ်အ‌ဆောက်အဦးတချို့ (ဓါတ်ပုံ - လားရှိုးဒေသခံ)

MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စစ်ကောင်စီက ဒီကနေ့မနက်အစောပိုင်း လေကြောင်းက တိုက်ခိုက်မှုကြောင့် အဆောက်အဦးအချို့နဲ့ မော်တော်ယာဉ်တွ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေကျေတဲ့ သတင်းတော့ မကြားရပါဘူး။ လားရှိုးမြို့ တိုက်ခိုက်ခံရတဲ့သတင်းနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးနဲ့ အရှေ့မြောက်တိုင်းစစ်ဌာချုပ်ကို MNDAA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူပြီးတဲ့နောက်ကို စစ်ကောင်စီက လေကြောင်းကနေ ဒုတိယအကြိမ် တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက်အစောပိုင်းက ၂ နေရာမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာဖြစ်ကြောင်း လားရှိုးမြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ဒီနေ့မနက်ပေါ့။ မနက် ၄ နာရီလောက်။ ကျနော်တို့ ဘောလုံးကွင်း ရပ်ကွက် ၈ ဘော်လုံးကွင်းနား တလုံးရယ်။ ပြီးရင် ရေပူစမ်းနားက Silver Sky နားက ဈေးမှာတလုံး။ မြို့တပတ်ပဲ သွားကြည့်တော့ တနေရာတော့ လမ်းပိတ်ထားတယ်။ စစ်သားတွေ ပိတ်ထားလို့ ကြည့်လို့မရဘူး။ နောက်တနေရာကတော့ ကြည့်လို့ရတယ်။ အထိအခိုက်တော့ မကြားဘူး။ အထိအခိုက် မရှိဘူး။ ကားတွေဘာတွေတော့ ထိခိုက်တယ်။”

ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Lashio Media ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရပ်ကွက် ၁၂ ရှိ ပြည်ထောင်စု မိုးလုံလေလုံ အားကစားကွင်းနဲ့ Silver Sky ဟိုတယ်မှာ ကျရောက်ကြောင်း၊ ဟိုတယ်နဲ့ မော်တော်ယာဉ် ပျက်ဆီးတာ ရှိပေမဲ့ လူအထိအခိုက် မရှိကြောင်း ဖော်ပြထားပါတယ်။
လားရှိုးမြို့ကို သြဂုတ်လ ၃၀ရက်နေ့ က ပထမအကြိမ် လေကြောင်းက ဗုံးကြဲစဉ်မှာ ၂၈ရက်နေ့ တိုက်ခိုက်မယ်ဆိုတဲ့ ကောလဟလတွေ ပျံနှံခဲ့ဖူးသလို ဒီတကြိမ်မှာလည်း ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဗုံးကြဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ကြောင်းလည်း အခြားလားရှိုးမြို့ခံတဦးက ပြောပါတယ်။
အခုလို လေကြောင်းက တိုက်ခိုက်တဲ့အတွက်ကြောင်း တိုက်ပွဲပြင်းထန်စဉ် လားရှိုးမြို့က တိမ်းရှောင်သွားသူတွေ နေရပ်ပြန်ဖို့ အခက်အခဲ ဖြစ်နေကြောင်းလည်း သူက ဆက်ပြောပါတယ်။

“တကယ့် တကယ်က ရှမ်းပြည်တောင်ပိုင်းပေါ့။ ခိုလမ်၊ နမ့်စန်၊ မိုင်းကိုင်၊ ကျေးသီး၊ လဲချား၊ ပင်လုံ၊ လွယ်လင်တို့ ရှောင်တဲ့သူတွေက လကုန်ပြန်မယ်လို့ တွက်ထားကြတာ။ ဘာလို့ဆို ဖုန်းလိုင်းလည်း ပြန်ရပြီ၊ မီးလည်းပြင်နေပြီ၊ မကြာခင် မီးလည်း ပြန်ရတော့မယ်ဆို ပြန်ကြမယ်ဆိုပြီးတော့ အားခဲထားကြတာ။ ၃၀ ရက်နေ့မှာ လေယာဉ်နဲ့ တီးထည့်လိုက်တော့ တန့်သွားတယ်ဗျာ။ အခုလည်း နည်းနည်း စောင့်ကြည့်အုံးမယ်။ ၁၀ ရက်ကျော်ရင် ပြန်မယ်ဆို ၁၀ ရက် မကျော်ခင် ၈ ရက်မှာ သူတို့က ထပ်တီးပြန်တယ်။ မင်းတို့ အုပ်ချုပ်မရစေရဘူးဆိုတဲ့ ပုံစံနဲ့ လုပ်တာကိုး။ ပြည်သူတွေ မပြန်ရဲအောင် လုပ်တာ။ ကျနော်တို့ ပြည်သူကပဲ မြေစာပင်ပေါ့ဗျာ။”

ဒီလ ၅ ရက်နေ့မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့က စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၅ ဦးအပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့သလို ၆ ရက်နေ့မှာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင် ၁၁ ဦး သေဆုံးပြီး၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တာအန်း အရပ်ဘက်အဖွဲ့အစည်းတွေကတော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ၊ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့ရွာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဈေး စတာတွေကို လေကြောင်းက တိုက်ခိုက်တာဟာ နိုင်ငံတကာ ရာဇဝတ်မှုဖြစ်ကြောင်း ကန့်ကွက်ရှုတ်ချထားသလို ဒီလို လေကြောင်း တိုက်ခိုက်တာတွေ ရပ်တန့်စေဖို့ နိုင်ငံတကာက ဖိအားပေးဖို့နဲ့ လေယာဉ်ဆီ တင်သွင်းတာတွေ ပိတ်ပင်ဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်မယ်လို့ ပြောဆိုထားသလို ဒီနယ်မြေတွေမှာ သတင်းရရှိမှုနဲ့ အခြေအနေပေါ် မူတည်ပြီး လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုရန် လိုအပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။