လပွတ္တာ စီးပွါးရေး ရပ်ကွက် မီးလောင်

လပွတ္တာ ကမ်းနားလမ်း မီးလောင်ကျွမ်းမှု- သတင်းဓာတ်ပုံ- Credit to Ma Hinn Thar FB စာမျက်နှာ။

ဧရာဝတီတိုင်း လပွတ္တာ မြို့မှာ ကြာသပတေးနေ့ ည ဂ နာရီလောက်ကစပြီး ကမ်းနား ၅ ရပ်ကွက် အလယ်လောက်မှာ မီးလောင်မှု စတင် ဖြစ်ပွါးခဲ့ပါတယ်။ ကမ်းနားက လူနေရပ်ကွက်ဖြစ်တဲ့ မြို့ရဲ့ စီးပွါးရေး အချက်အချာကျတဲ့ ပုဇွန်ဒိုင်၊ ဂဏန်းဒိုင်တွေ ငါးဒိုင်တွေ ရှိတဲ့ နေရာမှာ လောင်ကျွမ်းတာ ဖြစ်ကြောင်း လပွတ္တာမြို့ခံ ဦးအေးမြင့်က VOA ကို ပြောပါတယ်။

" ဟုတ်ကဲ့။ ၅ရပ်ကွက်နဲ့ ၄ ရပ်ကွက်က တခါတည်း ဆက်နေတာလေ။ ၅ရပ်ကွက် အလယ်လောက်ကနေပြီးတော့ ဒီ ၄ရပ်ကွက်ဘက်ကို ဆင်းချသွားပြီးတော့ ဒီကမ်းနားလမ်း တတန်းလုံးပေါ့။ အိမ် နှစ်တန်း ကုန်သွားတာပေါ့။ တကယ့် အချက်အခြာကျတဲ့ စီးပွားရေးသမားတွေချည်းပဲ။ အကုန်ကုန်သွားတာ ငါးဒိုင်၊ ဂဏန်းဒိုင်ပေါ့။ ဒိုင်တွေ အကုန်ကုန်သွားတာပေါ့။ ဘယ်က စလောင်သလဲဆိုတော့ မသိသေးဘူး အမရယ် တိတိကျကျလေ။ ဌာနဆိုင်ရာကတော့ လိုက်တော့ လိုက်နေတာပေါ့။ အခုကတော့ မီးညွှန့်ကတော့ နိုင်သွားပြီ။ မီးလောင်တဲ့ အချိန်တုန်းက ကမ်းနားဘက်ကို တောက်လျောက်ဆင်းသွားပြီး မြို့ပေါ်ကို မတက်တော့ဘူး။ အကုန်ကုန်သွားတာပေါ့။ အန္တရာယ် ဘယ်သူမှ အထိခိုက်မရှိဘူး။ ကလေးတွေ ဘာတွေ အကုန်လုံး လူကြီးတွေပါ အကုန်လွတ်ပါတယ်။ အိမ်ခြေကတော့ အကုန်ကုန်တာပေါ့။ ဒီအတိုင်း ထွက်ပြေးကြရတာ။ "

လူနေရပ်ကွက်ထဲက ဆိုင်တဆိုင်ကနေ စလောင်တာဖြစ်ကြောင်း သတင်းတွေ ထွက်နေတယ်လို့လည်း ပြောပါတယ်။ မီးဟာ ၅ ရပ်ကွက်က တချို့နေရာတွေနဲ့ ၄ ရပ်ကွက် တခုလုံးကို လောင်ကျွမ်းခဲ့ပြီး ည တနာရီ ဆယ်မိနစ်လောက်မှာ ငြိမ်းသွားခဲ့တာပါ။

လပွတ္တာ မီးသတ်က ချက်ချင်း လာရောက်ငြှိမ်းသတ်ခဲ့ သလို၊ မြို့ခံတွေထဲ က ရေရောင်း တဲ့ ရေတင်ကားတွေတင်မကပဲ အနားက မြောင်းမြက မီးသတ် ကားတွေ ပါ လာဝိုင်းကူကြပေမယ့် လမ်းတွေက ကျဉ်းမြောင်းတဲ့ အတွက် မီးငြှိမ်းရာမှာ အခက်ခဲတွေ ရှိတယ်လို့ ပြောပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့် အပျက်အစီးတော့ အတော်များတယ်လို့ ခန့်မှန်းနေကြတာပါ။