ဆူပူမှုအဆုံးသတ်ရေး လက်ဘနွမ်စစ်တပ် ပြတ်သားစွာ ဆောင်ရွက်

ဆွန်နီနဲ့ ရှီးယား ရပ်ကွက်တွေကြားမှာ လက်ဘနွမ်စစ်သားတွေနဲ့ တင့်ကားတွေကို တနင်္လာနေ့က ချထားခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံက ပဋိပက္ခနဲ့ဆက်စပ်ပြီးဖြစ်လာတဲ့ မတည်မငြိမ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းသွားမယ်လို့ လက်ဘနွန် စစ်တပ်က ပြောလိုက်ပါတယ်။ လက်ဘနွန်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတဦး လုပ်ကြံခံရပြီးတဲ့နောက် ဘေရွတ် မြို့တောင်ပိုင်းမှာ တနင်္လာနေ့ကဖြစ်ခဲ့ဲတဲ့ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း လူ ခြောက်ယောက် ဒဏ်ရာရခဲ့ပါတယ်။

မြို့တော်က Kaskas အရပ်မှာ အခြေအနေကို တည်ငြိမ်အောင်ထိန်းဖို့ ကြိုးစားတဲ့အနေနဲ့ ဆွန်နီနဲ့ ရှီးယား ရပ်ကွက်တွေကြားမှာ စစ်သားတွေနဲ့ တင့်ကားတွေကို တနင်္လာနေ့က ချထားခဲ့ပါတယ်။ ထရီပိုလီမြို့တော် မြောက်ဘက်မှာ သီးခြားဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တခုအတွင်းမှာတော့ လူတယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ နောက်ထပ် အဓိကရုဏ်းတွေဖြစ်အောင် မီးထိုးသလို မျိုး မဖြစ်မိစေဖို့ လူထုကြားမှာပြောဆိုတာတွေကို သတိထားကြဖို့ စစ်ဘက်က တိုက်တွန်းခဲ့ပါတယ်။

ဒေသတွင်းမှာ ပြဿနာအတွက် အဖြေရှာတဲ့နေရာတခုအဖြစ် လက်ဘနွန်နိုင်ငံကို နောက်ထပ်တကြိမ် အသွင်ပြောင်းပစ်မယ့် အရေး တားဆီးကာကွယ်ဖို့ အထူးသဖြင့် ဘာသာရေးဆိုင်ရာ တင်းမာမှုတွေ တိုးဖြစ်နေတဲ့ဒေသတွေမှာ စစ်ဘက်က ထိထိရောက်ရောက် ကိုင်တွယ် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။