ထိုင်းရောက် တရားဝင် မြန်မာလုပ်သားများ အဖမ်းခံရ

အဖမ်းခံထားရသည့် နာနတ်သီးစက်ရုံရှိ မြန်မာအလုပ်သမား များ။ မဟာချိုင်၊ ထိုင်း။ ဇူလိုင် ၃၊ ၂၀၁၆။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက နာနတ်သီးစက်ရုံတခုမှာ တရားဝင် အထောက် အထားတွေနဲ့ အလုပ်လုပ်နေ တဲ့ မြန်မာနိုင်ငံသားအလုပ်သမား ရာနဲ့ချီပြီးတော့ ဖမ်းဆီးခံရပြီး တရားစွဲခံနေရပါတယ်။ တရားဝင် အလုပ်လုပ် ခွင့်လက်မှတ်တွေ ရှိထားပေမဲ့ လက်မှတ်မှာဖော်ပြထားတဲ့ အလုပ်ရှင်၊ အလုပ်နေရာဌာနနဲ့ တကယ်တမ်းလုပ်နေတာ ကွဲပြားနေတာကြောင့်ဆိုပြီး ထိုင်းရဲက ဖမ်းတာပါ။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသက နာနတ်သီးစက်ရုံတခုကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စစ်ဆေး ရှာဖွေတာမှာ ထိုင်းဥပဒေနဲ့မညီဘဲနေထိုင်နေတဲ့ မြန်မာ အလုပ်သမားတွေကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီအလုပ်သမားတွေဟာ အလုပ်လုပ် ခွင့်အထောက်အထား အပြည်အစုံရှိကြပြီး အလုပ်သမား ပို့နေတဲ့ကုမ္ပဏီတွေက ပို့လိုက်တဲ့အတိုင်း အလုပ်ရုံတွေရှိရာကို လာရောက်လုပ်ကိုင်နေကြရတာဖြစ်လို့ သူတို့ကိုယ်တိုင်က တရားဝင် လာရောက် အလုပ် လုပ်နေသူတွေအဖြစ် ယူဆ ထားတာပါ။ ဒီကိစ္စကို မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ကုမ္ပဏီတွေ တာဝန် ယူ ဖြေရှင်းပေးသင့်တယ်လို့ ထိုင်းအခြေစိုက် အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း ကပြောပါတယ်။

“အဓိကပြောချင်တာကတော့ MoU အလုပ်သမားတွေ၊ နှစ်နိုင်ငံသဘောတူညီမှုနဲ့ လာတဲ့အလုပ်သမားတွေ ဒီလို ထောင်ကျတာ၊ လက်ထိပ်ခတ်ခံရတာက လုံး၀ မဖြစ်သင့်တဲ့ဟာပဲ။ ဒါ မြန်မာဘက်က MoU အေဂျင်စီရော၊ ထိုင်းဘက်က ပို့ဆောင်ပေးတဲ့ ကုမ္ပဏီရော တာဝန်ရှိတယ်၊ နှစ်ဦးနှစ်ဖက်လုံး။ ဒီလိုအလုပ်နေရာ မတူဘဲ ပို့ထားတာဖြစ်တဲ့အတွက် လုံး၀ အပြစ်ကတော့ … ဒီကိစ္စ ကို မြန်မာ အလုပ်သမားဝန်ကြီးဌာနက ဘယ်လို အရေးယူမလဲဆိုတာ ကျနော်တို့ စောင့်ကြည့် မယ်။

“အားလုံးကတော့ အထောက်အထားလက်မှတ်တွေရှိတယ်။ ပန်းရောင်ဘတ်တွေ၊ ယာယီပတ်စ်ပို့သမားတွေက ကျတော့ work permit သူဌေးမပြောင်းရသေးတာပေါ့၊ ၁၀၂ ယောက်က … MoU ၂၅ ယောက်ကကျတော့ သူတို့မှာ ပတ်စ်ပို့လည်းရှိတယ်၊ work permit လည်းရှိတယ်၊ ဗီဇာလည်းရှိတယ်၊ အားလုံးအထောက်အထား ပြည့်စုံ တယ်။ ဒါပေမဲ့ သူတို့လုပ်ရမယ့်နေရာက A ၊ အခု သွားလုပ်ခိုင်းထားတာ B အဲလိုဖြစ်နေတယ်။ အလုပ် နေရာမတူတဲ့ဟာ။ MoU ၂၅ ယောက်ကိုကျတော့ လက်ထိပ်တွေခတ်ထားတယ်၊ သံကြိုးတွေခတ်ထားတယ်။ ဘာဖြစ်လို့လဲမေးတော့ သူတို့က ဥပဒေအတိုင်းပါပဲတဲ့။”

အလုပ်သမားတွေကို ဖမ်းပြီးတာနဲ့ ရုံးတင်ခဲ့ပြီး လာမယ့် တနင်္လာနေ့မှာ ထပ်ပြီးတော့ ရုံးထုတ်စစ်ဆေးမှာပါ။ ထိုင်းဥပဒေအတိုင်း အရေးယူဆောင်ရွက်မယ် ဆိုရင်တော့ နေရပ်ရင်းကို ပြန်ပို့ခံရဖွယ်ရှိတယ်လိုပြောပါတယ်။

အဖမ်းခံထားရသည့် နာနတ်သီးစက်ရုံရှိ မြန်မာအလုပ်သမားများ။ မဟာချိုင်၊ ထိုင်း။ ဇူလိုင် ၃၊ ၂၀၁၆။

“လက်ရှိကတော့ သူတို့ အချုပ်ထောင်မှာပေါ့နော်။ တနင်္လာနေ့ကျမှ တခါ ရုံးထပ်တင်ဦးမယ်။ အဲဒီနေ့ကျမှ သူတို့အမိန့်ချမှာပေါ့။ အခု ဒီအမှုက ထိုင်းဥပဒေ အတိုင်းဆိုရင်တော့ ၄၈ ရက် ထောင်ကျပြီးတော့ မြန်မာပြည် ကိုပြန်ပို့လို့ ရတယ်။ အားလုံးက ၁၂၇ ယောက်။ အားလုံး ပန်းရောင်ဘတ်တွေရော၊ ထိုင်းမှာလုပ်တဲ့ ယာယီ ပတ်စ်ပို့တွေရော၊ MoU ရော၊ အားလုံး ၁၂၇ ယောက် ဖမ်းတာ။”

ဒီကိစနဲပတ်သက်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့သီတင်းပတ်ကပဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ သုံးရက်တာခရီးစဉ် အတွင်းမှာ မြန်မာအလုပ်သမားတွေကို ဥပဒေအရ အကာကွယ်ပေးဖို့၊ တန်းတူ အခွင့်ရေးတွေပေးဖို့၊ ထိုင်းအစိုးရနဲ့ နားလည်မူစာချွန်လွာတွေ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

ဒီအခြေအနေအပေါ် မြန်မာတွေဟာ ထိုင်းတွေနည်းတူ တောင်းဆိုတာတွေ လုပ်တယ်ဆိုပြီး ထိုင်းလူထုကြား ဘဝင်မကျဖြစ်တာတွေကို ထိုင်းလူမှုဆက်ဆံရေး အင်တာနက်စာမျက်နှာတွေမှာ ရေးကြတာတွေရှိပါတယ်။

ဒီရက်ပိုင်းမှာပဲ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကနေ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ နိုင်ငံသားတွေ လုပ်ခွင့်မရှိတဲ့ နေရာတွေ၊ လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်တယ် ဆိုရင် နယ်မြေတိုင်းမှာ အရေးယူတော့မှာဖြစ်တယ်လို့ ပြောထားပါတယ်။

မဟာချိုင်ဒေသမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်က မှုခင်းရေးရာနဲ့ ရုံးအဖဲ့ွ တာဝန်ခံတဦးဖြစ်တဲ့ ကိုစိုင်းကတော့ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို အခုလိုသုံးသပ်ပြောဆိုပါတယ်။

“MoU လုပ်သားတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ထိုင်းမှာက ကိုယ်ပိုင်အလုပ်ရုံ မရှိဘဲနဲ့ အလုပ်သမား ငှားရမ်းခွင့်ဆိုတဲ့ sub-contract ပေါ့၊ တဆင့်ခံ သူဌေးတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုထားတယ်။ အစိုးရ ဌာနကလည်း အဲဒါကို ဖျက်သိမ်း လိုက်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေထဲမှာ ဒီလုပ်သားတွေ ရှိမရှိဆိုတာ မျိုးကို လိုက်လံစစ်ဆေးနေတာနဲ့ တိုက်ဆိုင်မှုရှိသွားလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အရင်ကတည်းကလည်း ဖိအားပေးတာတွေကရှိပါတယ်။

“ခုနောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ အွန်လိုင်းပေါ်မှာပေါ့နော်၊ ရန်တိုက်တဲ့ အနေအထားမျိုးပေါ့။ ထိုင်းတွေ က လမ်းမှာတွေ့ရင် ကျနော်တို့ မြန်မာပြည်သားတွေ ကို သိပ်ပြီးတော့ အမြင်မကြည်တာမျိုးတွေရှိတယ်။ ဘာလဲဆိုတော့ ကျနော်တို့က အခွင့်အရေး တန်းတူ တောင်းဆိုတာမျိုးတွေ၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ တချို့ ကပြောတယ်၊ ဒါ မင်းတို့နိုင်ငံမဟုတ်ဘူး၊ ပေးတာ ဒီလောက်ပဲပေးတယ်။ အမှန် ဆိုလို့ရှိရင် မင်းတို့ မြန်မာပြည်သားတွေ ၂၀၀ နဲ့ပဲ တန်တယ်ဆိုတဲ့ အပြန် အလှန်လေးတွေပေါ့နော် တယောက်နဲ့တယောက် ပုတ်ခတ်တာမျိုး လေးတွေ ရှိပါတယ်ခင်ဗျ။”

ထိုင်းနိုင်ငံရဲ့ မြို့ကြီးအတော်များများက ဈေးတွေ၊ ကုန်တိုက်၊ ဓာတ်ဆီဆိုင်၊ ကုမ္ပဏီ စတဲ့နေရာတွေမှာ အရောင်းဝန်ထမ်းအများစု ာ နိုင်ငံခြားသား အလုပ် သမားတွေဖြစ်ကြပြီး အဲဒီထဲမှာ မြန်မာနိုင်ငံသားက အများစုပါ။ အဲဒီအလုပ်တွေ မှာ နိုင်ငံခြားသား အလုပ်သမားတွေကိုပေးတဲ့ လုပ်ခလစာနဲ့ ထိုင်းနိုင်ငံသားတွေ လုပ်ကိုင်နိုင်တဲ့အခြေအနေ မရှိပါဘူး။

အခု ထိုင်းပြည်ထဲရေးက ထုတ်ပြန်ချက်အရဆိုရင် ကိုယ်ပိုင် အစား အသောက် ရောင်းတာကနေစပြီး ထိုင်းအစိုးရကသတ်မှတ်ထားတဲ့ လုပ်ခွင့်မရှိတဲ့ အလုပ်တွေမှာ လုပ်ကိုင်နေတာကိုတွေ့ရင် သတင်းပေးကြဖို့နဲ့ တွေ့ရှိရင်
ပုဒ်မ (၅၄) အရ ထောင် ၅ နှစ်နဲ့ ဒဏ်ငွေ ဘတ်၂၀,၀၀၀ ကနေ ဘတ် ၁၀၀,၀၀၀ အထိ ဒဏ်ဆောင်ရမှာ ဖြစ်သလို အလုပ်ခန့်ထားတဲ့ အလုပ်ရှင်လည်း အရေးယူခံရ မယ်လို့ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ထိုင်းရောက် တရားဝင် မြန်မာလုပ်သားများ အဖမ်းခံရ