ဆန္ဒပြခွင့်ပေးရင် လစ်ဗျားသူပုန်အပစ်ရပ်မယ်

ဆန္ဒပြခွင့်ပေးရင် လစ်ဗျားသူပုန်အပစ်ရပ်မယ်

လစ်ဗျားမှာ ဗိုလ်မှူးကြီးကဒါဖီက စစ်ရေးနှိပ်ကွက်မှုတွေကို ရပ်ဆိုင်းပြီး အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေကို ခွင့်ပြုဖို့သဘောတူခဲ့ရင် မိမိတို့ကလည်း ကုသလမဂ္ဂ အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ဆန္ဒရှိတယ်လို့ လစ်ဗျားအတိုက်အခံတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ Mustafa Abdul-Jalil က ဒီကနေ့ ဘန်ဂါဇီမြို့မှာ ကုသလမဂ္ဂရဲ့ အထူးသံတမန် Abdelilah al-Khatib နဲ့တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

လန်ဒန်မြို့တော်ကို ဗိုလ်မှူးကြီး ကဒါဖီရဲ့သားကြီး Saif al-Islam ရဲ့ ထိပ်တန်းလက်ထောက် Mohammed Ismail လာရောက်ပြီးတော့ ဗြိတိသျှအစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Guardian သတင်းစာကို ဒီနေ့ပြောပြခဲ့ပြီးတော့ ဗြိတိသျှအစိုးရ အနေနဲ့ ကဒါဖီ လစ်ဗျားက ထွက်သွားရမယ်လို့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားနဲ့ ပြန်ပြီးအကြောင်းပြန်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ကဒါဖီရဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီးနဲ့ ထောက်လှန်းရေး အကြီးအကဲဟောင်း Moussa Koussa တူနီးရှားနိုင်ငံကနေ လန်ဒန်ကိုရောက်ရှိလာပြီး သူဟာ ကဒါဖီအစိုးရက နုတ်ထွက်ပြီလို့ ကြေညာခဲ့သလိုပဲ ဒီကနေ့မှာလည်းပဲ လစ်ဗျားရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းတဦးဖြစ်သူ Ali Abdessalam Treki ဟာ လစ်ဗျားကနေ အီဂျစ်နိုင်ငံကို ထွက်ပြေးခိုလုံလာခဲ့ပါတယ်။