လစ်ဗျားခေါင်းဆောင် ကဒါဖီ အပစ်အခတ်ရပ်စဲရေး သဘောတူ

လစ်ဗျားခေါင်းဆောင် ကဒါဖီ အပစ်အခတ်ရပ်စဲရေး သဘောတူ

လစ်ဗျားခေါင်းဆောင် ကဒါဖီက ဖြန်ဖြေရေးအဖွဲ့က တင်ပြတဲ့ အပစ်အခတ် ရပ်စဲရေး မူဝါဒကို လက်ခံလိုက်ပြီလို့ အဖွဲ့ခေါင်းဆောင် တောင်အာဖရိက သမ္မတ ဂျေကော့ဇူးမား (Jacob Zuma) က ပြောပါတယ်။ အဲဒီလမ်းပြမြေပုံမူဝါဒက ဘာတွေလဲ ဆိုတာကတော့ မရှင်းလှသေးပါဘူး။ ဒါပေမဲ့ မစ္စတာ ကဒါဖီရဲ့ အုပ်ချုပ်ရေး အဆုံးသတ်ဖို့ဆိုတဲ့ အချက်ကိုတော့ သူတို့လျော့ပေးလိမ့်မယ် မဟုတ်ဘူးလို့ အတိုက်အခံတွေက ပြောပါတယ်။

လစ်ဗျားတာဝန်ရှိသူတွေကတော့ မစ္စတာ ကဒါဖီက ရာထူးကနေ ဆင်းပေးမှာမဟုတ်ဘူးလို့ ပြောကြပါတယ်။ တခြား အာဖရိကခေါင်းဆောင်တွေနဲ့ အတူ မစ္စတာ ဇူးမားဟာ ကဒါဖီနဲ့ တနင်္ဂနွေနေ့က နာရီပေါင်းများစွာ တွေ့ဆုံခဲ့တာပါ။ မစ္စတာ ဇူးမားတို့က အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်အောင် နေတိုးကို လေကြောင်းက တိုက်ခိုက်တာတွေ ရပ်ထားဖို့တောင်းဆိုလိုက်ပါတယ်။ တနင်္လာနေ့မှာတော့ သူပုန်တွေရှိရာ ဘန်ဂါဇီမြို့ကို ဖြန်ဖြေရေးအဖွဲ့က သွားရောက်ပြီး သူတို့အစီအစဉ်ကို တင်ပြမှာဖြစ်ပါတယ်။

သူပုန်တွေ သိမ်းထားတဲ့မြို့ကို ကဒါဖီအပေါ် ဒီအချိန်မှာပဲ သစ္စာရှိတဲ့တပ်တွေက တိုက်ခိုက်ရာမှာ နေတိုးက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လှန်ပြီး တွန်းလှန်နိုင်ခဲ့ပုံ ရပါတယ်။ အရှေ့ပိုင်းက အက်ချ်တာဘီးယား မြို့နားလေးမှာ အစိုးရတင့်ကား ၁၁ စီး၊ အနောက်ပိုင်းက သူပုန်တွေ သိမ်းထားရာ မစ္စရာတာ မြို့နားမှာ အစိုးရတင့်ကား ၁၄ စီးကို လေကြောင်းက တိုက်ခိုက်ဖျက်စီးနိုင်ခဲ့တယ်လို့ နေတိုးက ပြောပါတယ်။

ကဒါဖီတပ်တွေက လစ်ဗျားပြည်သူတွေအပေါ် ရက်ရက်စက်စက် အမြှောက်တွေနဲ့ပစ်နေတာကြောင့် လေကြောင်းကနေ တိုက်ခိုက်ပေးဖို့ လိုအပ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ချားလ်စ် အော့ချက် က ပြောပါတယ်။