လစ်ဗျားသူပုန်တွေ အရှေ့ခြမ်း မြို့တမြို့ ဆုံးရှုံး

လစ်ဗျားသူပုန်တွေ အရှေ့ခြမ်း မြို့တမြို့ ဆုံးရှုံး

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ဖြုတ်ချဖို့အတွက် ကြိုးစားနေတဲ့ အတိုက်အခံတွေဟာ အစိုးရတပ်တွေဘက်က ပြင်းပြင်းထန်ထန် ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် တနင်္ဂနွေနေ့မှာ သူတို့ သိမ်းပိုက်ထားတဲ့ အရှေ့ပိုင်း မြို့တမြို့ဖြစ်တဲ့ ဘရီဂါကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။

အတိုက်အခံတွေဟာ အရှေ့မြောက်ဘက်မှာရှိတဲ့ သူတို့ ထိန်းချုပ်ထားတဲ့ အက်ဒါဘီယာမြို့ကို ဆုတ်ခွာခဲ့ရတာမို့ ဒါဟာ သူတို့ရဲ့ နောက်ထပ် အရေးနိမ့်မှုတခုလို့ ဆိုပါတယ်။

လစ်ဗျားအစိုးရ ရုပ်သံမှာတော့ ဘရီဂါမြို့က လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အန္တရာယ်ကို ရှင်းလင်း သုတ်သင်ခဲ့တယ်လို့ ကြေညာပါတယ်။ ဒါပေမဲ့ အခုထိတော့ အစိုးရတပ်တွေ လုံး၀ သိမ်းထားနိုင်၊ မသိမ်းထားနိုင် မသိရသေးပါဘူး။

မကြာခင်ရက်တွေအတွင်း လစ်ဗျားအရှေ့ခြမ်းက အတိုက်အခံတွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ နေရာတွေကို မစ္စတာ ကဒါဖီရဲ့ တပ်တွေက အမြန် ထိုးစစ်ဆင်ပြီး ရေနံဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘရီဂါရဲ့ အနောက်ဘက် ရပ်စ်လန်နုဖ်နဲ့ ဘင်ဂျဝပ်ဒ်မြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်နက်အင်အား မတောင့်တင်းဘဲ စနစ်တကျ ဖွဲ့စည်းထားတာ မဟုတ်တဲ့ အတိုက်အခံ တပ်တွေဟာ စနစ်တကျ လေ့ကျင့်ထားတဲ့ ကဒါဖီရဲ့ သစ္စာခံတပ်တွေရဲ့ ဝေဟင်ကရော၊ မြေပြင်ကပါ သံချပ်ကာကားတွေ၊ လက်နက်ကြီးတွေသုံးပြီး တိုက်ခိုက်တဲ့ ထိုးစစ်ကို ခံနိုင်စွမ်း မရှိခဲ့ပါဘူး။

ဒီလို ဆုတ်ခွာပေးရတဲ့အတွက် အတိုက်အခံတချို့ စိတ်ဓာတ်ကျနေပေမဲ့ စစ်တပ်ကနေ အတိုက်အခံ လူထုဘက် ကူးပြောင်းလာတဲ့ တပ်သားတွေရဲ့ အကူအညီနဲ့ လစ်ဗျားအရှေ့ခြမ်း တခုလုံး နီးပါးကို ဆန္ဒပြပွဲတွေ စတင်ပြီးကတည်းက အခုချိန်အထိ သူတို့ ထိန်းချုပ်ထားနိုင်ပါတယ်။

ကဒါဖီလိုလားတဲ့ တပ်တွေကတော့ ထရီပိုလီမြို့တော်နားက ဇာဝီယာမြို့ကို ပြီးခဲ့တဲ့ အပတ်ထဲမှာ ပြန်ပြီး သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အနောက်ပိုင်းမှာရှိတဲ့ လစ်ဗျားရဲ့ တတိယ အကြီးဆုံး မီစ်ရာတာကိုတော့ အတိုက်အခံတွေက ဆက်ပြီး ထိန်းချုပ်ထားပါတယ်။