ညွန့်ပေါင်းတပ် ထိုးစစ်တွေကြား ကဒါဖီတပ် တိုက်ခိုက်မှုတိုး

ညွန့်ပေါင်းတပ် ထိုးစစ်တွေကြား ကဒါဖီတပ် တိုက်ခိုက်မှုတိုး

ညွန့်ပေါင်းတပ် ထိုးစစ်တွေကြား ကဒါဖီတပ် တိုက်ခိုက်မှုတိုး

လစ်ဗျားနိုင်ငံကို နိုင်ငံတကာ လေယာဉ်မပျံသန်းရ နယ်မြေအဖြစ် သတ်မှတ်ထားပြီး ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကတော့ တိုးလာနေတယ်လို့ အမေရိကန် ရေတပ်ဗိုလ်ချုပ်တဦးက ပြောပါတယ်။

လစ်ဗျားမှာ အစိုးရတပ်တွေနဲ့ အစိုးရ ဆန့်ကျင်ရေးသမားတွေရဲ့ မြေပြင် တိုက်ခိုက်မှုတွေကလည်း ရှိနေတုန်းပါပဲ။

အခုဆိုရင် လစ်ဗျားနိုင်ငံဘေးက မြေထဲပင်လယ်ထဲမှာ နိုင်ငံ ၁၃ ခုက တိုက်ခိုက်ရေးအဖွဲ့တွေ ပူးပေါင်းထားကြပြီလို့ အမေရိကန် ရေတပ်ဗိုလ်ချုပ် ဆန်မြူရယ် လော့ကလာ (Samuel Locklear) က ပြောပါတယ်။ သူက မြေထဲပင်လယ်မှာ ရောက်နေတဲ့ အမေရိကန် စစ်သင်္ဘောပေါ်ကနေ တယ်လီဖုန်းနဲ့ ပြောတာပါ။

ညွန့်ပေါင်းတပ်ဖွဲ့တွေက အစိုးရ ဆန့်ကျင်ရေးသမားတွေရဲ့ အဓိက ခြေကုတ်စခန်းဖြစ်တဲ့ ဘန်ဂါဇီမြို့ကို လေယာဉ်မပျံသန်းရ နယ်မြေအဖြစ် အရင်သတ်မှတ်ပြီး တိုက်ခိုက်မှုတွေ လုပ်နေကြတာပါ။

လစ်ဗျားမြို့တော် ထရီပိုလီ (Tripoli) အထိရောက်အောင် လေယာဉ်မပျံသန်းရ နယ်မြေအဖြစ် ဆက်သတ်မှတ်ပြီး ထောက်ပံ့ ကူညီရေးတွေကို ပိုလုပ်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

မနေ့ကညပိုင်းမှာ အမေရိကန် တိုက်ခိုက်ရေးလေယာဉ် F-15 ဟာ လစ်ဗျားနိုင်ငံအပေါ် ပျံသန်းရင်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်မှာ ပါသွားတဲ့ လေယာဉ်မှူး ၂ ဦးစလုံး လွတ်မြောက်ခဲ့တဲ့အကြောင်း ဗိုလ်ချုပ် လော့ကလာက အတည်ပြုချက် ပေးပါတယ်။ လစ်ဗျားပြည်သူတွေက အဲဒီလေယာဉ်မှူးတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံ ပြုစုကြတယ်လို့ ဆိုပါတယ်။ လေယာဉ်ပျက်ရတဲ့ အကြောင်းကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ တပ်တွေက နိုင်ငံရဲ့ အနောက်ပိုင်းက ဇင်တန် (Zintan) နဲ့ မီစ်ရာတာ (Misrata) မြို့တွေမှာ အရပ်သူ အရပ်သားတွေကို တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းတွေဟာ အမှန်ပဲလို့လည်း အမေရိကန် ရေတပ်ဗိုလ်ချုပ် ဆန်မြူရယ် လော့ကလာက အတည်ပြုချက်ပေးပါတယ်။ အဲဒီမြို့တွေမှာ ကဒါဖီရဲ့ တပ်တွေက တင့်ကားတွေ၊ လက်ဖြောင့်တပ်သားတွေနဲ့ လက်နက်ကြီးတွေကို သုံးပြီး တိုက်ခိုက်နေတာပါ။ အဲဒီမှာ အရပ်သူ အရပ်သားတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ပါတယ်။