လစ်ဗျားသူပုန်တွေ မြို့တော်သိမ်းဖို့ ကြိုးပမ်း

လစ်ဗျားသူပုန်တွေ မြို့တော်သိမ်းဖို့ ကြိုးပမ်း

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်မှာ စနေနေ့ တညလုံး သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပြီးနောက် ဒီနေ့ တနင်္ဂနွေနေ့မှာတော့ အတိုက်အခံ တပ်ဖွဲ့တွေဟာ ထရီပိုလီမြို့တော်နဲ့ ၁၈ မိုင်အကွာမှာ ဂဒါဖီ (Moammar Gadhafi) ရဲ့ တပ်ဖွဲ့တွေနဲ့ အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေကြပါတယ်။

ထရီပိုလီမြို့ကို မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ နေတိုး တပ်ဖွဲ့တွေက လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ချိန်မှာ အတိုက်အခံ တပ်တွေက ထရီပိုလီမြို့နားကို ချဉ်းကပ်လာနေတာ ဖြစ်ပါတယ်။

အတိုက်အခံ တပ်ဖွဲ့တွေဟာ ထရီပိုလီမြို့ရဲ့ အနောက်ဘက် ဇာဝီယာမြို့နဲ့ အရှေ့ဘက် ဘရီဂါမြို့တွေကို သိမ်းပိုက်ထားကြပြီးတော့မှ ထရီပိုလီမြို့ကို နှစ်ဘက်ညှပ် တိုက်နေကြတာ ဖြစ်ပါတယ်။

အတိုက်အခံတွေရဲ့ အခြေစိုက်ရာ အရှေ့ခြမ်းက အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (TNC) က သူတို့ရဲ့ တပ်တွေဟာ ထရီပိုလီမြို့ကို အခြေပြုထားတဲ့ ဗိုလ်မှူးကြီး ဂဒါဖီရဲ့ ဌာနချုပ်နဲ့ နီးကပ်လာနေပြီလို့ ပြောကြားခဲ့ပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒီနေ့မှာပဲ တူနီးရှားအစိုးရ သတင်းဌာန TAP က တူနီးရှားဟာ လစ်ဗျားက အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ (TNC) ကို လစ်ဗျားပြည်သူတွေကို တရားဝင် ကိုယ်စားပြုတဲ့ အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာလိုက်ပါတယ်။