ဂဒါဖီ သစ္စာခံများ အပြင်းအထန် ခုခံဆဲ

ဂဒါဖီ သစ္စာခံများ အပြင်းအထန် ခုခံဆဲ

လစ်ဗျားခေါင်းဆောင် မွမ်မာ ဂဒါဖီ (Moammar Gadhafi) နဲ့ သူ့အပေါ် သစ္စာခံသူတွေကို မြို့တော် ထရီပိုလီ (Tripoli) ကနေ တော်လှန်ရေး သူပုန်တပ်ဖွဲ့တွေက မောင်းထုတ်လိုက်ပြီး သီတင်းပတ် အနည်းငယ် ကြာလာတဲ့ အချိန်အထိ ဂဒါဖီအပေါ် သစ္စာခံသူတွေက မြို့ ၂ မြို့ကို အပြင်းအထန် ခုခံ တိုက်ခိုက်နေကြတဲ့အတွက် လစ်ဗျားခေါင်းဆောင်သစ် အနေနဲ့ သူတို့ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ အခက်ကြုံနေရပါတယ်။

မစ္စတာ ဂဒါဖီရဲ့ ဇာတိမြို့ ဆာ့တ် (Sirte) ကို အမျိုးသား အသွင်ကူးပြောင်းရေးကောင်စီ (NTC) က ဝိုင်းထားပေမဲ့ ဂဒါဖီလူတွေက ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ စနေနေ့က အလုံးအရင်းနဲ့ ပြန်လည်ပစ်ခတ်တာကို ရင်ဆိုင်ခဲ့ကြရပါတယ်။

ဒါပေမဲ့ တခြား ဂဒါဖီအပေါ် သစ္စာခံသူတွေ ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ဘန်နီ ဝါလစ် (Bani Walid) မြို့ကနေ NTC တပ်တွေ စနေနေ့က ဆုတ်ခွာပေးခဲ့ကြရာက အခုတော့ ပြန်ဝိုင်းထားနိုင်ပြီလို့ ဆိုပါတယ်။

ဂဒါဖီ တပ်ဖွဲ့တွေ အနေနဲ့ တိုက်ပွဲတွေကို လနဲ့ချီ ကြာတဲ့အထိ ဆက်လက် တိုက်ခိုက်နေလို့ ရသေးတယ်လို့ ဂဒါဖီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မူဆာ အီဘရာဟင်မ် (Moussa Ibrahim) က ပြောပါတယ်။

ဒါပေမဲ့ ဆာ့တ်နဲ့ ကီလိုမီတာ ၆၀ လောက်ဝေးတဲ့ ဟီရာဝါ (Herawa) ဆိုတဲ့ မြို့ကလေးတခုကိုတော့ NTC တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်နိုင်တယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ဘန်နီ ဝါလစ်မြို့ကို လူသားချင်း စာနာတဲ့ အကူအညီ ၂၂ တန် လေထီးနဲ့ ချပေးမယ်လို့ တူရကီနိုင်ငံကလည်း ပြောပါတယ်။ အဲဒီ အထောက်အပံ့တွေဟာ အရေးပေါ် အကူအညီ လိုအပ်နေတဲ့ အရပ်သားတွေအတွက် ဖြစ်တယ်လို့ တူရကီ အစိုးရက ပြောပါတယ်။