လစ်ဗျားနိုင်ငံက အတိုက်အခံတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ဘေဂျင်း (Beijing) မြို့တော်မှာ မကြာခင် လက်ခံ တွေ့ဆုံမယ်လို့ တရုတ်အစိုးရ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ ချန်ချီဒွန်း (Chen Xiaodong) က ကြာသပတေးနေ့ အစည်းအဝေးမှာ ပြောဆိုခဲ့တဲ့ လစ်ဗျား အလည်အပတ် ခရီးစဉ်ကို ကိုးကားပြီး ဆင်ဟွာ အစိုးရ သတင်းဌာနက အခုလို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) ရဲ့ ကိုယ်စားလှယ်က သူတို့အစိုးရ အနေနဲ့ အစိုးရနဲ့ သူပုန်တွေအကြား အပစ်အခတ် ရပ်စဲရေး ကိစ္စအတွက် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးဖို့ ၂ ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ လာခဲ့ပါတယ်။
မကြာခင်မှာလာမယ့် လစ်ဗျား အတိုက်အခံ ကိုယ်စားလှယ် အဖွဲ့ကို လက်ခံတွေ့ဆုံဖို့ အဆင်သင့်ပါပဲလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ ချန်က ပြောဆိုခဲ့ပေမဲ့ ဒီအဖွဲ့လာမယ့် ရက်အတိအကျကို ထုတ်ဖော် ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။
တရုတ်သံတမန်တွေနဲ့ လစ်ဗျား အတိုက်အခံ ခေါင်းဆောင်တွေ ကာတာ (Qatar) မြို့နဲ့ ဘန်ဂါဇီ (Benghazi) မြို့တွေမှာ တွေ့ဆုံခဲ့ကြပြီး ဒီကြေညာချက် ထွက်ခဲ့တာ ဖြစ်ပါတယ်။
လစ်ဗျားနဲ့ အဲဒီဒေသထဲက ရေနံပို့ကုန်ကို ဝယ်ယူနေတဲ့ တရုတ်နိုင်ငံဟာ လစ်ဗျား ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ကောင်း ပါဝင်လာလိမ့်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။