သောကြာနေ့လစ်ဗျားတိုက်ပွဲ လူ ၃၀ ကျော်သေဆုံး

သောကြာနေ့လစ်ဗျားတိုက်ပွဲ လူ ၃၀ ကျော်သေဆုံး

လစ်ဗျားနိုင်ငံ အနောက်ပိုင်းက အတိုက်အခံတွေ ရက်ပေါင်းများစွာ ထိန်းချုပ်ထားတဲ့ ဇဝီယာ (Zawiyah) မြို့ကို ပြန်လည်ပြီး သိမ်းပိုက်နိုင်ဖို့အတွက် မိုမာကဒါဖီရဲ့သစ္စာခံတပ်တွေရဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးခေါင်းဆောင်တဦး အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။ ဇဝီယာမြို့ဟာ လစ်ဗျားခေါင်းဆောင်ရှိနေတဲ့ ထရစ်ပိုလီမြို့တော်ရဲ့ အနောက်ဘက် မိုင် ၃၀ ကျော်လောက်မှာရှိပြီး မြို့တော်နဲ့အနီးဆုံး ဆန့်ကျင်သူတွေ ထိန်းချုပ်ထားတဲ့နေရာ ဖြစ်ပါတယ်။

လက်ရှိမှာ ဇဝီယာရဲ့ ဘယ်အပိုင်းကို ဘယ်သူကထိန်းချုပ်နေတယ်ဆိုတာကို သဲသဲကွဲကွဲ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ လစ်ဗျားအရှေ့ဘက်က ဆန္ဒပြသူတွေ ထိန်းချုပ်ထားတဲ့ ဘန်ဂါဇီမှာ သောကြာနေ့ညက အင်အားပြင်းထန်တဲ့ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

မြို့ပြင်က လက်နက်သိုလှောင်ရုံနေရာကို မစ္စတာ ကဒါဖီရဲ့တပ်တွေက ဝန်းရံဖောက်ခွဲခဲ့တယ်လို့ ရိုက်စ်တာသတင်းက ဆိုပါတယ်။ သောကြာနေ့အစောပိုင်းကတော့ ဘန်ဂါဇီမှာ အတိုက်အခံတွေ စုဝေးဆန္ဒပြခဲ့ကြသလို လစ်ဗျားနိုင်ငံက တခြား မြို့ကြီးအများအပြားမှာလည်း အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။

ထရစ်ပိုလီမြို့တော်ထဲမှာတော့ သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတွေအပြီးမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပြီး ကဒါဖီဟာ ဘုရားသခင်ရဲ့ရန်သူလို့ ကြွေးကြော်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကို မစ္စတာ ကဒါဖီရဲ့တပ်တွေက မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။

လစ်ဗျားအရှေ့ပိုင်း Ras Lanuf ရေနံဆိပ်ကမ်းမြို့မှာ မစ္စတာကဒါဖီ ဆန့်ကျင်သူနဲ့ လိုလားသူတွေအကြား အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ သောကြာနေ့အစောပိုင်းမှာတော့ လစ်ဗျားစစ်လေယာဉ်တွေဟာ ဆန္ဒပြသူတွေ ထိန်းချုပ်ထားတဲ့ အရှေ့ခြမ်းက Ajdabiya မြို့နားမှာရှိတဲ့ စစ်တပ်အခြေစိုက်စခန်းကို ဦးတည်ပြီး ၃ ရက်မြောက်အဖြစ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။