လစ်ဗျား ဆန္ဒပြပွဲ သေဆုံးသူ ၁၀၀ ကျော်

လစ်ဗျား ဆန္ဒပြပွဲ သေဆုံးသူ ၁၀၀ ကျော်

လစ်ဗျားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ၅ ရက်မြောက်နေ့မှာ အစိုးရ တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် အနည်းဆုံး လူပေါင်း ၁၀၄ ယောက်လောက် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

တိုင်းပြည်ရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ ဘန်ဂါဇီမှာ အရင်ရက် ဆန္ဒပြပွဲတွေအတွင်း သေဆုံးခဲ့သူတွေရဲ့ ဈာပနပွဲ လာကြရင်း ဆန္ဒပြသူ လူအုပ်ကြီးကို အစိုးရ တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ပြီးနောက်မှာ HRW လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့က အခုလို သေဆုံးသူ အရေအတွက် စာရင်းကို ထုတ်ပြန်လိုက်တာပါ။

စနေနေ့က ပစ်ခတ်မှုမှာ အနည်းဆုံး လူ ၁၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ အာရပ် မီဒီယာတွေမှာ ဖော်ပြထားပေမဲ့ ဒေသခံတွေကတော့ လူတွေကို အစုလိုက် အပြုံလိုက် ပစ်ခတ် သတ်ဖြတ်တာနဲ့ တူတယ်လို့ ပြောပါတယ်။ သေဆုံးသူတွေအတွက် ဝမ်းနည်း ပူဆွေးနေသူတွေက စစ်တပ် အဆောက်အဦး တခုကို ဝင်စီးဖို့ ကြိုးစားတဲ့အချိန် စနိုက်ပါနဲ့ ပစ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကစလို့ ဒီ ဆန္ဒပြပွဲ အများစုဟာ ဘန်ဂါဇီနဲ့ တခြား တိုင်းပြည်အရှေ့ပိုင်းက မြို့တွေမှာပဲ ဖြစ်ပွားနေတာပါ။ ဒီဆန္ဒပြပွဲတွေက လစ်ဗျားနိုင်ငံကို နှစ်ပေါင်း ၄၀ လောက် အုပ်ချုပ်လာခဲ့တဲ့ ခေါင်းဆောင် မွမ်မာ ကဒါဖီ (Moammar Gadhafi) ရဲ့ အစိုးရကို ခြိမ်းခြောက်လာနေတာ ဖြစ်ပါတယ်။ မွမ်မာ ကဒါဖီကို ထောက်ခံသူ တချို့ကတော့ မြို့တော် ထရီပိုလီမှာ ပြီးခဲ့တဲ့ ရက်တွေထဲမှာ ကြိုးကြား ဆန္ဒပြပွဲလေးတွေ ပြုလုပ်ခဲ့ကြပါတယ်။

လာမယ့်ရက်တွေအတွင်း ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက် ဆူပူမှုတွေ ထပ်မံ ဖြစ်ပွားနိုင်ခြေ ရှိတဲ့အတွက် အမေရိကန် နိုင်ငံသားတွေ အနေနဲ့ တိုင်းပြည် အရှေ့ခြမ်းကို မသွားကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြရာကနေ အကြမ်းဖက်မှုတွေ အလျှင်အမြန် ဖြစ်ပေါ်နိုင်ပြီး နိုင်ငံခြားသားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။