လစ်ဗျား အရှေ့ဘက်ခြမ်း အတိုက်အခံများ အမျိုးသားကောင်စီ ဖွဲ့စည်း

လစ်ဗျား အရှေ့ဘက်ခြမ်း အတိုက်အခံများ အမျိုးသားကောင်စီ ဖွဲ့စည်း

လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ရဲ့ သစ္စာခံ တပ်တွေနဲ့ ရက်ပေါင်းအတော်ကြာ တိုက်ခိုက်ခဲ့တဲ့နောက်မှာ လစ်ဗျား အရှေ့ပိုင်းဒေသက မြို့ကြီးတွေမှာ နိုင်ငံတော်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့ပြီလို့ အစိုးရ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောကြားပါတယ်။

နိုင်ငံတော်ကောင်စီ ပြောခွင့်ရ ဟားဖစ်ဇ် ဂိုဂါ (Hafiz Ghoga) က ဒီကောင်စီဟာ ကြားဖြတ်အစိုးရတရပ် မဟုတ်ဘဲ တော်လှန်ရေးအတွက်သာ ဖြစ်ကြောင်း တနင်္ဂနွေနေ့က ပြောကြားပါတယ်။

တချိန်တည်းမှာပဲ လစ်ဗျား အနောက်ပိုင်း ထရီပိုလီမြို့တော်နဲ့ မိုင် ၃၀ လောက်ပဲကွာတဲ့ ဇာဝီယာမြို့ကို အတိုက်အခံတွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကဒါဖီလိုလားတဲ့ တပ်တွေရဲ့ တိုက်ခိုက်မှုကို ခုခံသွားဖို့လည်း ပြင်ဆင်နေတယ်လို့ အတိုက်အခံ ဆန္ဒပြသူတွေက ပြောပါတယ်။

ကဒါဖီကတော့ အတိုက်အခံတွေဟာ လက်တဆုပ်စာပဲ ရှိပြီး သူ့တပ်တွေက ဝိုင်းထားတယ်လို့ တနင်္ဂနွေနေ့မှာပဲ ပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လစ်ဗျားကို အရေးယူ ဒဏ်ခတ်တာတွေ အတွက်လည်း ရှုတ်ချခဲ့ပါတယ်။

လစ်ဗျားမှာ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေတုန်းမှာပဲ လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ နှုတ်ထွက်ပေးဖို့အတွက် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ တိုးလာခဲ့ပါတယ်။

ကဒါဖီအစိုးရကို လက်နက်ရောင်းဝယ်မှု ပိတ်ပင်တာ အပါအဝင် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တညီတညွတ်တည်း မဲပေးပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လစ်ဗျားအစိုးရရဲ့ ပြည်သူကို ချေမှုန်းမှုမှာ လူမဆန်တဲ့ ရာဇဝတ်မှု ကျူးလွန်မှု ရှိမရှိ စုံစမ်းစစ်ဆေးနိုင်အောင် စစ်ရာဇဝတ်ခုံရုံး တင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကတော့ လစ်ဗျားပြည်သူတွေရဲ့ မစ္စတာ ကဒါဖီကို ဖြုတ်ချဖို့ ကြိုးပမ်းနေမှုတွေအတွက် အကူအညီတွေ ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားပါတယ်။