လစ်ဗျားဒုက္ခသည် ကယ်တင်ရေး နိုင်ငံတကာ ကြိုးပမ်း

လစ်ဗျားဒုက္ခသည် ကယ်တင်ရေး နိုင်ငံတကာ ကြိုးပမ်း

လစ်ဗျားနိုင်ငံက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာနေကြတဲ့ ဒုက္ခသည် အမြောက်အမြားနဲ့ ထောင်နဲ့ချီတဲ့ နိုင်ငံခြားသားတွေကို ကယ်တင်ဖို့အရေး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေက ပြင်ဆင်နေရပါတယ်။

နယ်စပ်ကို ရောက်လာကြတဲ့ စစ်ပြေး ဒုက္ခသည်တွေအတွက် စခန်းတွေ ထူထောင်ပေးဖို့နဲ့ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဖို့ ကြိုးစားနေကြတဲ့ လစ်ဗျားရောက် နိုင်ငံခြားသားတွေကို ကယ်တင်ဖို့ ပြင်ဆင်နေကြတာပါ။

လစ်ဗျားနဲ့ တူနီးရှား နယ်စပ်မှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ လေယာဉ်တွေ လွှတ်ထားတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွမ်း (David Cameron) က မနေ့က ပြောပါတယ်။

အီဂျစ်ဒုက္ခသည် ၅,၀၀၀ လောက် အိမ်ကိုပြန်နိုင်ဖို့ ပြင်သစ်ကလည်း စစ်လေယာဉ်တွေနဲ့ သင်္ဘောတွေ လွှတ်ထားတယ်လို့ ဆိုပါတယ်။

ကနေဒါက စစ်သင်္ဘောကြီး တစီးကိုလည်း မြေထဲပင်လယ်ထဲကို လွှတ်ထားပါပြီ။ အဲဒီမှာ လူသားချင်း စာနာမှု အကူအညီတွေ ပေးနိုင်ဖို့နဲ့ လစ်ဗျားက ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေကို ကယ်တင်နိုင်ဖို့ပါ။

EU ဥရောပသမဂ္ဂကလည်း လစ်ဗျားဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ပေးမယ်လို့ ကြေညာပါတယ်။

ကုလသမဂ္ဂရဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကလည်း လစ်ဗျားနယ်စပ်တွေမှာ ဒုက္ခသည်ဆိုင်ရာ ပြဿနာတွေ မဖြစ်ခင် ကြိုတင် ကာကွယ်ထားနိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းနေပါတယ်။ WFP အဖွဲ့က လစ်ဗျားဒုက္ခသည်အရေး သုံးလစာ ကူညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၃၉ သန်းလောက် သုံးမယ်လို့ ကြေညာထားပါတယ်။

လောလောဆယ် တူနီးရှားက ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ၁၈၀,၀၀၀ ကျော် ရှိနေပါပြီ။ အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ အီဂျစ်နဲ့ တူနီးရှား နယ်စပ်တွေကို ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။