လစ်ဗျားနိုင်ငံက လစ်လပ်နေတဲ့ အမေရိကန်သံရုံးကို သူပုန်အဖွဲ့တွေ သိမ်းပိုက်

လစ်ဗျားရဲ့အာရုဏ်ဦး အဖွဲ့ဝင်တယောက် အမေရိကန်သံရုံးပိုင်မြေနေရာက အားကစားရုံအတွင်းမှာ တွေ့ရစဉ်။ (သြဂုတ် ၃၁၊ ၂၀၁၄)

လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီအတွင်း စစ်သွေးကြွအုပ်စုတွေကြား အချင်းချင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် လူတွေ ထွက်ပြေး တိမ်းရှောင်သွားကြအပြီး တလအကြာမှာ လစ်လပ်နေတဲ့ အမေရိကန်သံရုံးရဲ့ လူနေအိမ်ရာ နေရာကို သိမ်းပိုက်ထိန်းချုပ်ထားလိုက်ပြီ ဖြစ်တယ်လို့ အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တဖွဲ့က ပြောပါတယ်။

ထရီပိုလီမြို့တော်နဲ့ နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြိုင်ဖက် စစ်သွေးကြွအဖွဲ့တခုနဲ့ သီတင်းပတ် အတန်ကြာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အခုလို သိမ်းပိုက်လိုက်တာပါ။

Dawn of Libya လစ်ဗျားရဲ့ အာရုဏ်ဦးလို့ နာမည်ပေးထားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုကြီးတစုက အမေရိကန် သံရုံးဝန်းကို ထိန်းချုပ်ထားတာ တပတ်လောက်ရှိပြီလို့ သတင်းဌာနတွေရဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဒူဘိုင်းမှာ အခြေစိုက်တဲ့ ရုပ်သံဌာနက စစ်သွေးကြွတွေ အမေရိကန်သံရုံးဝန်းအတွင်း အိမ်ခေါင်မိုးတွေပေါ်ကနေ ရေကူးကန်ထဲကို ခုန်ချနေကြတဲ့ပုံကို ပြသခဲ့ပါတယ်။

လစ်ဗျားနိုင်ငံဆိုင်ရာ သံအမတ်ကြီး Deborh Jones က ဗီဒီယိုထဲမှာ တွေ့ရတာဟာ ဝန်ထမ်းတွေ နေထိုင်တဲ့နေရာဖြစ်ကြောင်း ပြောဆိုပါတယ်။ သံရုံးကတော့ ရိုက်ချိုးဖျက်ဆီး မွှေနှောက်ထားပုံ မရဘူးလို့ ယူဆရကြောင်း ပြောပါတယ်။

အမေရိကန်သံတမန်တွေဟာ ဇူလိုင်လနှောင်းပိုင်းမှာ တူနီးရှားနိုင်ငံကို တိမ်းရှောင်နေခဲ့ကြတာပါ။