ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပြန်ရွေးဖို့ သမ္မတရုံး ညွှန်ကြား

ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ရွေးနေစဉ် ( နိုဝင်ဘာလ၊ ၂၀၁၀ )

ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားမှုတွေကို နည်းဥပဒေတွေနဲ့အညီ ပြန်လည်ရွေးချယ်ခန့်အပ် တာဝန်ပေးဖို့ သမ္မတရုံး ကနေ ပြည်ထဲရေးဝန်ကြီးဌာနကို စာပေးပို့ညွှန်ကြားခဲ့ပါတယ်။ လူထုနဲ့ တိုက်ရိုက်ထိတွေ့ပြီး သြဇာအာဏာကျင့်သုံးခွင့်ရှိတဲ့ ပြည်ထဲရေးဝန်ကြီးဌာနအတွက် အဓိကယန္တယားဟာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေဖြစ်တာကြောင့် ဒီအုပ်ချုပ်ရေးပိုင်းကို အပြောင်းအလဲလုပ်ဖို့ NLD အစိုးရသစ်က ကြိုးပမ်းတာဖြစ်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုံစမ်းမေးမြန်းထားပါတယ်။

တတိုင်းပြည်လုံးအနှံ့မှာ ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ် တင်မြှောက်ပေးဖို့ နိုင်ငံတော်သမ္မတရုံးကနေ ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားတဲ့ စာတစောင် ထွက်ပေါ်လာပါတယ်။ ဒီစာဟာ လျှိူ့ဝှက်စာဖြစ်ပြီး ပေါက်ကြားသွားတာ ဖြစ်တယ် လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက VOA ကိုရှင်းပြပါတယ်။

“အဲဒါက original တွေပြန့်နေတယ်။ ဒါပေမယ့် ကျနော်တို့က လျို့ဝှက်အဆင့်ရှိတဲ့ စာတန်းဖြစ်နေတယ်။ စာရွက်ဖြစ်နေတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ တစုံတရာ comment ပေးလို့မရဘူး။”

NLD အစိုးရက ပြည်ထဲရေးဝန်ကြီးဌာနကို ခုလို လျှိူ့ဝှက် တိုက်ရိုက်ညွှန်ကြားစာ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ထုံးလုပ်နည်းဆိုင်ရာကိစ္စတွေကို အထူးပြုလေ့လာနေတဲ့ ဒေါက်တာနိုင်အောင်က ခုလိုမြင်ပါတယ်။

“ဒီ NLD အစိုးရသစ် ညွန်ကြားချက် အရဆိုရင် အဲဒီတုန်းကရွေးထားတာတွေကို အသိအမှတ်မပြုဘဲနဲ့ အစကနေပြန်ရွေးပါဆိုတဲ့ပုံစံမျိုး ဒီပြည်ထဲရေးဝန်ကြီးဌာကိုပြောတာမျိုးဖြစ်တယ်။ လက်တွေ့ပြဿနာက ဘာလဲဆိုတော့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှ ဒီ အုပ်ချုပ်ရေးမှူးတွေရှိနေတာဆိုတော့အဲဒီကိစ္စတွေကို အစိုးရက တိုက်ရိုက် စီစစ်နိုင်ခွင့်ရှိနေတာမဟုတ်ဘူး။ အဲတော့ ဖြစ်နိုင်ခြေရှိတာက ကျနော်တို့အဆင်သင့်ရွေးထားပြီးပါပြီ ၊ မတ်လ ၃၁ ရက်နေ့မတိုင်ခင်ဖြစ်အောင်အတွက်ကိုရွေးထား ပြီးပါပြီလို့ပြောရင်လည်း အဲဒီ NLD ဦးဆောင်တဲ့ အစိုးရကို အခုလောလောဆယ် သမ္မတ ဝန်ကြီးရုံးက ဘာလုပ်မလဲမသိဘူးပေါ့နော်။ ဆိုတော့ မဟုတ်ဘူး အစကနေပြန်ရွေးပါလို့ပြောတယ်ဆိုရင်လည်း အဲဒီကိစ္စကို ပြည်ထဲရေးဝန်ကြီးကနေပြီးတော့ အစအဆုံးလိုက်နာပြီးတော့ ဆောင်ရွက်ပါ့မလားတော့မသိဘူး။”

NLD အစိုးရအနေနဲ့ အခုလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပြန်လည် ရွေးချယ်ရေးလုပ်ဖို့ လျှိူ့ဝှက်ညွှန်ကြားလာတာဟာ အစိုးရတခုအတွက် အုပ်ချုပ်ရေးပိုင်းမှာ အခြေခံအကျဆုံး အဆင့်ဖြစ်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဆင့်ကို ပြောင်းလဲမှုလုပ်ဖို့ လိုအပ်နေတာဖြစ်တယ်လို့ ယူဆ ကြောင်း ရပ်ကွက်နဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ရေးကိစ္စကို လေ့လာနေတဲ့ ဒေါက်တာနိုင်အောင်က သုံးသပ်ပါတယ်။

“တကယ်တမ်းပြောရင် မြန်မာပြည်ရဲ့အုပ်ချုပ်ရေးပုံစံမှာ လူထုနဲ့တိုက်ရိုက်ထိတွေ့ပြီးတော့မှာ တကယ်တမ်းထိထွေ့ သြဇာကျင့်သုံးနိုင်ခွင့်ရှိတဲ့ လူတွေအားလုံးရဲ့ ယန္တယားက ပြည်ထဲရေးဝန်ကြီးဌာနအားလုံးမှာရှိနေတယ်။ အဲဒီတော့ အဓိကကျဆုံးနေရာကတော့ ရပ်ကွက်အဆင့် ကျေးရွာအဆင့်ပေါ့နော်။ ဆိုတော့ ကျနော်တို့ကိုယ်တိုင်ပြောနေတာကတော့ အခုလို ရပ်ကျေးအဆင့်မျိုးကို ပြောင်းသင့်တယ်လို့ ကျနော်တို့တိုက်တွန်နေတာရှိတယ်။ နိုးဆော်နေတာရှိတယ်။ ပြည်ထဲရေးဝန်ကြီးအောက်မှာထားလို့မဖြစ်ဘူး။ နောက်ပြီးတော့ လူထုတွေကိုယ်တိုင်ရွေးချယ်တင်မြှောက်တဲ့အဆင့်ဖြစ်ဖို့လိုတယ်။ အခုဆိုရင် အိမ်ထောင်စု ဦးစီးတွေကပဲ မဲပေးခွင့်ရတယ်။ ၁၈ နှစ်ပြည့်တဲ့လူတိုင်းမဲပေးခွင့်မရဘူး။ ဆယ်အိမ်စု စနစ်နဲ့ရွေးချယ်တင်မြှောက်တယ်။ အစရှိတယ်ပေါ့ဗျာ။ ဆိုတော့ သူတို့လိုချင်နေတဲ့ အုပ်ချုပ်ရေးအနေအထားမျိုးအောက်မှာရှိနေတဲ့ပုံစံမျိုးဖြစ်နေတယ်။ ပြောမယ်ဆိုရင်တော့ အဲဒီစနစ်အားလုံးကို ပြည်ထဲရေးဝန်ကြီး ကကိုင်တယ်။ ပြည်ထဲရေးဝန်ကြီးဆိုတာက စစ်တပ်ကလွတ်ထားတဲ့လူ ။ ပြောမယ်ဆိုရင်တော့ စစ်တပ်ရဲ့ ယန္တယားအုပ်ချုပ်ရေးအောက်မှာရောက်နေတဲ့ဒီ အရပ်ဘက်အုပ်ချုပ်ရေး ယန္တယားဖြစ်နေတယ်။”

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ သမ္မတဦးသိန်းစိန် သက်တမ်းမကုန်ခင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကာလကနေ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလအတွင်း ရွေးချယ်ခဲ့ကြပါတယ်။ NLD အစိုးရ အာဏာမရခင် အခုလိုရွေးချယ်မှုတွေကြောင့် အရင်အစိုးရနဲ့ နီးစပ်သူတွေကို ကြိုတင်နေရာချသွားတဲ့ သဘောလို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီအချက်နဲ့ပတ်သက်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းထိုက်က သူ့အတွေ့အကြုံကို ခုလိုရှင်းပြပါတယ်။

“ ဒီအစိုးရသစ် ပြောင်းလာတဲ့အခါမှာ အုပ်ချုပ်ရေးမှူးတွေကို အသစ်ပြန်ပြီးတော့ ရွေးချယ်မယ် .. သက်တမ်းလည်း ကုန်ပြီဆိုတဲ့ အခါကျတော့၊ အဲလို ရွေးချယ်မယ်ဆိုတဲ့ဆီမှာNLD အစိုးရ အာဏာမရသေးခင်မှာ သူတို့လုပ်စရာ ရှိတာကို ပြီးအောင်လုပ်လိုက်တယ်။ အဲဒီ လုပ်လိုက်တဲ့ဟာကို ဒါ သူ့လူတွေကို ကြိုတင်ထည့်ထားလိုက်တယ် ဘာညာ ဆိုပြီးတော့ စွပ်စွဲတာလေးတွေ ပြောကြဆိုကြတာလေးတွေ ရှိတယ်။ ဒါပေမယ့် တကယ်ကတော့ မဟုတ်ဘူး၊ သူလုပ်သင့် လုပ်ထိုက်တာကို လုပ်ထားပြီးတော့ နောက်အစိုးရကျတော့မှ နောက်အစိုးရက ဆက်လုပ်မယ်ဆိုလဲ လုပ်ပေါ့၊ အခုလိုမျိုးပေါ့ ညွှန်ကြားချက်လာပြီ လုပ်ရမယ်ဆိုတဲ့ အဲဒီသဘောပဲ ”ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အများဆန္ဒသဘောအရ ရွေးချယ်တင်မြှောက်တာမျိုး ရှိပေမယ့် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး ထွေ/အုပ်တွေကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနကသာ စိတ်ကြိုက် တိုက်ရိုက်ရွေးချယ် ခန့်ထားခဲ့ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ရွေးချယ်မှုဆိုင်ရာ နည်းဥပဒေကို သမ္မတဦးသိန်းစိန်လက်ထက် လွှတ်တော်မှာ နှစ်ကြိမ်ဆွေးနွေး အတည်ပြုခဲ့ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ လွှတ်တော်သက်တမ်းအတိုင်း ဖြစ်ရမယ်လို့ အစောပိုင်းမှာ သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သမ္မတရဲ့သက်တမ်းနဲ့ အညီ ဖြစ်ရမယ်လို့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။