စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ၂ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်မွေး တိရိစ္ဆာန်အများအပြား သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ရှိနေပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျေးရွာတွေကို နိုဝင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ စစ်တပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရခဲ့တာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၂ ရက်မှာ တွင်းကြီးနဲ့ မကျီးဘုတ်ရွာကြားက ကြက်မွေးမြူရေးခြံကို ပစ်ခတ်ခဲ့ပြီး ၁၃ ရက်မှာတော့ မြစ်သာနဲ့ ဆူးလေကုန်းက ကျေးရွာတို့ကို လေကြောင်းကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
၂ ရက်ဆက်တိုက် လေကြောင်းက တိုက်ခိုက်ခံရတာကြောင့် ၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း မြောင်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့က ကိုနွေဦးက အခုလို ပြောပါတယ်။
"တွင်းကြီးနဲ့ မကျီးဘုတ်ရွာကြားက ကြက်ခြံခင်ဗျ။ ပထမတော့ ပစ်တာပေါ့။ ပစ်တဲ့အချိန် တောထဲမှာ လုပ်ငန်း လုပ်နေတဲ့ တောင်သူတွေရှိတယ်။ အဲဒီတောင်သူတွေက လေယာဉ်နဲ့လာပစ်တော့ အနားမှာအနီးဆုံးကြက်ခြံတခုပဲရှိတော့ အဲဒီကြက်ခြံထဲကို ဝင်ပြီးတော့ ပြေးတာခင်ဗျ။ပြေးတဲ့အချိန်မှာ ဗုံးနဲ့ ကြက်ခြံပေါ်ကို ကြဲလိုက်တာပေါ့။ ဝင်ပြေးတဲ့ပြည်သူတွေအကုန် ထိခိုက်ဒဏ်ရာ ရကုန်တယ်။ အမျိုးသားက ၂ ယောက်အမျိုးသမီးက ၉ ယောက် ဒဏ်ရာ ရတာ။ ဒီနေ့ကကျတော့ ၂ နာရီနဲ့ ၁၀ မိနစ်လောက်မှာ မြစ်သာရွာပေါ့ လာပြီးတော့ ဗုံးကြဲတယ်။ ၂ လုံးကြဲတယ်။ ဒဏ်ရာရတွေကော အကုန်ခေါ်ထုတ်ပြီး ဆေးခန်းပို့ကြတဲ့အချိန်မှာ ဆေးခန်းပို့တဲ့ ကားတွေနဲ့ လူတွေကို လိုက်ပြီးတော့ ပစ်တာပေါ့။ အဲ့ဒါက ၂ နာရီနဲ့ မိနစ် ၄၀။ လောလောဆယ် စာရင်းအရတော့ ၁၂ ယောက်လောက် ထိထားတယ်ခင်ဗျ။ ဒါပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့တော့ သိရတယ်။ ၁၂ ယောက်ဆိုတာ မြစ်သာမှာ ဖြစ်တဲ့ကိစ္စပေါ့။ ဆူးလေကုန်းကို ထပ်ပစ်တဲ့အချိန်မှာ စစ်ဘေးလာရှောင်တဲ့ ၁ ယောက်ပေါ့နော် ဒဏ်ရာရသွားတာရှိတယ်ဆိုတော့ အားလုံးပေါင်းလိုက်ရင် ၁၃ ယောက်ပေါ့။"
လေကြောင်းက ပစ်ခတ်ခံရတဲ့ ၂ ရက်လုံး တိုက်ပွဲဖြစ်တာမရှိခဲ့သလို ကြက်ခြံပစ်ခတ်ခံရလို့ မီးလောင်သွားတဲ့အတွက် ကြက်အကောင်ရေ ၁၈၀၀ ကျော်နဲ့ ဝက်အကောင်ရေ ၇၀ နီးပါး သေဆုံးခဲ့ကာ မြစ်သာရွာပစ်ခတ်ခံရချိန်မှာတော့ နေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းက တိုက်ခိုက်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို အခုလိုတိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေ ကျေးရွာတွေကို စွန့်ခွါပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ဒါက စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက အခြေအနေပါ။ မန္တလေးတိုင်း မြင်းခြံမြို့မှာဆိုရင်လည်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ၂ ရက်ဆက်တိုက် တိုက်ပွဲတွေရှိနေပါတယ်။
နိုဝင်ဘာ ၁၂ ရက်ကစလို့ ကွမ်းစိုက်ကျေးရွာနဲ့ကူကျေးရွာဘက်ကို စစ်တပ်ဘက်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းလာချိန်မှာ တိုက်ပွဲတွေဖြစ်နေကြတာပါ။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ မြင်းခြံဒေသခံတဦးပြောတာကတော့
"ကွမ်းစိုက်နဲ့ကူရွာကြား ကူရွာ ရွာထိပ်ကနေပြီးတော့ တံတားကနေ ချီတက်လာတော့ ဒီဘက်က ဆည်ထိပ်ကနေ ခံပစ်တော့ သူတို့ရှေ့တော့ တိုးမလာဘူး။ ၂ ရွာကြား တိုက်ပွဲဆိုင်ထားတယ်။ မနေ့ကလည်းဖြစ်တယ်။ အခုလည်းဖြစ်တယ်။ အခုကိုဖြစ်နေတာ။"
နိုဝင်ဘာ ၁၁ ရက်ညပိုင်းက ကူရွာနဲ့ကွမ်းစိုက်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့ပြီး နောက်တနေ့ နိုဝင်ဘာ ၁၂ ရက်မှာတော့ မြင်းခြံမြို့မှာရှိတဲ့ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ၂ ရက်ဆက် တိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5